DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်တုထားရှိမည့်အစား ဒေသဖွံ့ဖြိုးရေးဦးစားပေးရန်တောင်းဆို
DVB
·
April 18, 2018
ဗိုလ်ချုပ်ကြေးရုပ်တုထားရှိမည့်အစား ဒေသဖွံ့ဖြိုးရေးဦးစားပေးရန်တောင်းဆို
Donate to DVB

 

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိမယ့်အစား ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့အပါအဝင် တောင်းဆိုချက် ၅ ချက်ကို ချင်းတက္ကသိုလ် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ဧပြီ ၁၂ ရက်ကနေ ၁၆ အထိ ချင်းတက္ကသိုလ်ကျောင်းသားများ မိဿဟာယတွေ့ဆုံပွဲပြုလုပ်ပြီးတဲ့နောက် ထုတ်ပြန်လိုက်တာပါ။

ထန်တလန်မြို့နယ်မှာ ငွေကျပ် သိန်း ၃၀၀ အကုန်အကျခံပြီး ဗိုလ်ချုပ် ကြေးရုပ်တု ထားရှိမယ့်အစား ပြည်နယ်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးကဏ္ဍကို ဦးစားပေးဖို့ သူတို့က တောင်းဆိုပါတယ်။

မိဿဟာယရဲ့ ပြောဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ မိုင်ဗန်မီးရဲမ်က “ချင်းပြည်နယ်က တိုးတက်မှု အနိမ့်ဆုံး ပြည်နယ်ဖြစ်နေတယ်။ အဲဒါကြောင့် ဒါလောက် ငွေအကုန်ခံမယ့် အစား ပညာရေးတို့၊ ဖွံ့ဖြိုးရေးတို့မှာ သုံးစေချင်တာပါ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူဖို့အတွက် စည်ပင်ကော်မတီက လုပ်ဆောင်နေပြီး ပြည်နယ်အစိုးရဆီမှာ ဘတ်ဂျက်တင်ထားတယ်လို့ သိရကြောင်းလည်း ကျောင်းသားတယောက် ဖြစ်တဲ့ ဆလိုင်း ဇကျုံးနှင်းက ပြောပါတယ်။

ပြီးတော့ မတူပီမြို့နယ် ပညာရေးမှူးကနေ သင်္ကြန်မှာ ကပြဖျော်ဖြေဖို့ ပညာရေး ဝန်ထမ်းတွေကို အတင်းအကျပ်ဖိအားပေးတာ၊ ငြင်းဆန်ရင် အရေးယူမယ်လို့ အာဏာသုံးတဲ့ အပေါ်မှာ စိတ်ပျက်ကြောင်းနဲ့ ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အတွင်း ရုံးပိတ်ဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားပြီး ဒါကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရတို့က အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ကိုလည်း ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

ဒ့ါအပြင် ချင်းလူမျိုးတွေရဲ့ နာမည်တွေကို မြန်မာအက္ခရာနဲ့ ရေးသားဖော်ပြရာမှာ မှားယွင်းတာတွေ ရှိနေလို့ ဒါကို ဖြေရှင်းပေးဖို့လည်း တောင်းဆိုပါတယ်။

မိဿဟာယရဲ့ ပြောဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ ဆလိုင်း ဇကျုံးနှင်းက “မြန်မာစာနဲ့ ရေးတော့ နာမည်တွေမှားတယ်။ ကျောင်းက စာရင်းတွေမှာ၊ မှတ်ပုံတင်မှာ အမှားတွေ ဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် စီစဉ်နေတဲ့ ချင်းပြည်နယ် မင်းတပ်တက္ကသိုလ်စီမံကိန်းကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ သူတို့က တောင်းဆိုပါတယ်။

ချင်းတက္ကသိုလ်ကျောင်းသားများ မိဿဟာယရဲ့ ဒီတွေ့ဆုံပွဲဟာ အကြိမ် ၂၀ မြောက်ဖြစ်ပြီး မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေက ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013