
တပ်မတော်ကိုဝေဖန်တဲ့ စာသားတွေနဲ့သံချပ်ထိုးလို့ အပိတ်ခံရပြီးနောက်ပိုင်း အရေးယူ ခံရတော့မယ်လို့ သတင်းတွေထွက်နေပေမယ့် တရားဝင်စာပို့ အကြောင်းကြားတာမျိုး မရှိသေးပဲ ရှိခဲ့ရင်လည်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ခေါင်းဆောင် ကိုပိုင်ရဲသူက ဒီဗွီဘီကို ပြောပါတယ်။
သင်္ကြန်အကြတ်နေ့မှာ ဒေါင်းတို့မျိုးဆက်သံချပ်၊ အိုးဝေသံချပ်နဲ့ ဒို့အသံ ချပ်အဖွဲ့တို့ကို လှိုင်မြို့နယ်ထွေအုပ်အပါဝင် တခြားမြို့နယ်အာဏာပိုင်အဖွဲ့တွေက ဆင်ဆာမတင်တဲ့အကြောင်း ပြချက်နဲ့ ပိတ်ပင်တားဆီးခဲ့တာဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ အဲဒီသံချပ်အဖွဲ့တွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ပြည်ထဲရေးက အရေးယူဖို့ပြင်ဆင်နေပြီ ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောဆိုလိုက်တာပါ။
အဲဒီလို အပြင်မှာ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သံချပ်အဖွဲ့တွေဆီကိုတော့ တရားဝင် အကြောင်းကြတာမျိုးမရှိသေးဘူး၊ သံချပ်ထိုးလို့ အရေးယူသွားမယ်ဆိုရင်လည်း ရင်ဆိုင်သွား မှာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အသင်း အဖွဲ့ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကလည်း ဆင်ဆာ မတင်လို့ သံချပ်အသင်းကို ပိတ်ပင်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း လက်မခံ နိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ ၅၂ လမ်းက ငြိမ်းချမ်းရေးမိခင်ဆုပေးမဏ္ဍပ်မှာ သံချပ်ဆုပေးဒိုင် အဖွဲ့က အဖွဲ့ဝင်ဖြစ်သူ ကဗျာဆရာ မောင်သွေးသစ်ကတော့ သူတို့မဏ္ဍပ်အနေနဲ့ မတားခဲ့ဘူး။ တပ်မတော်နဲ့အစိုးရကြားထဲမှာ ပြဿနာမဖြစ်အောင်တော့ ထိန်းပေးခဲ့ရတာတော့ ရှိတယ်။ တပ်မတော်ကိုပဲ အပြစ်ပုံချနေရင်တော့ တပ်မတော်နဲ့အစိုးရကြားထဲမှာ အမုန်းတွေပွား လာနိုင်စရာရှိတယ်လို့ ပြောပါတယ်။
ဒို့အသံ သံချပ်အသင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုကျော်မျိုးက “သာကေတ ရဲစခန်း တာဝန်ရှိသူတွေကလည်း သင်္ကြန်အကြတ်နေ့က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ပြောတဲ့ ဒို့အသံသံချပ်အဖွဲ့မှာပါဝင်တဲ့ လူပုဂ္ဂိုလ်စာရင်း အသေးစိပ်တွေကို တောင်းယူသွားပြီး ဆင်ဆာ မတင်တဲ့အကြောင်းနဲ့ သံချပ်အဖွဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆိုတာတွေကို မေးမြန်း စစ်ဆေးတယ်။ ဖမ်းဆီးတာမျိုးတော့ မရှိသေးဘူး။ အပိတ်ခံခဲ့ရတဲ့ သံချပ်အဖွဲ့တွေဟာ အပိတ်ခံ လိုက်ရတဲ့ နေ့မှာပဲ သုံးဖွဲ့လုံးစုပေါင်းပြီး တပ်မတော်က နိုင်ငံရေးထဲမှာ နေရာတော်တော်များများ ယူထားတဲ့ အကြောင်းတွေကို ပြည်သူတွေသိအောင် ဖျော်ဖြေပေးနိုင်ခဲ့တယ်”လို့ ပြောပါ တယ်။
ဆင်ဆာမတင်လို့ဆိုပြီး အပိတ်ခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်၊ အိုးဝေသံချပ်နဲ့ ဒို့အသံ သံချပ်အဖွဲ့တို့ဟာ နောက်နှစ်သင်္ကြန်မှာလည်း ဆင်ဆာမတင်ဘဲ ပြောစရာရှိ လာမယ့် အကြောင်း တွေကို အခုနှစ်လို သံချပ်အမြောက်လုပ်ပြီး ဆက်လက်ဖျော်ဖြေသွားဦးမှာဖြစ်တယ်လို့ ပြောပါတယ်။











