DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းလစာ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဟု သမ္မတ ပြော
DVB
·
April 17, 2018
Donate to DVB

နိုင်ငံ့ဝန်ထမ်းလစာတွေကို တိုးမြှင့်ပေးသွားမှာဖြစ်ပြီး ၀န်ထမ်းအိမ်ရာတွေကိုလည်း တိုးမြှင့်တည်ဆောက်ပေးသွားမယ်လို့ သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ ဌာနတွေကို ကြပ်မတ်ရာမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒတွေကို ဌာနဆိုင်ရာတွေက ဦးစားပေးအလိုက် အကောင်အထည် ဖောက်ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းမှာ  ပြောကြားသည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်ကနေ  ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်ကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။

အလုပ်သမားတဦးရဲ့ တနေ့အတွက် အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားလို့ အဲဒီနှုန်းနဲ့ လိုက်လျောညီထွေက်ဖြစ်ဖို့  အမှုထမ်းလစာများ အားလုံးကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ဖို့ အစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်မယ့်နေရာမှာ နိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား ၀တ်နေရေးကို အဓိကထား လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

နေအိမ်မရှိလို့ ဖြစ်သလိုနေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို သတိပြုမိတဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လက်ရှိတာဝန် ထမ်းဆောင်စဉ်ကာလမှာ ၀န်ထမ်းအိမ်ရာမရှိလို့ အခက်အခဲဖြစ်နေသူတွေရှိသလို အငြိမ်းစားယူသွားပြီးတဲ့အချိန်မှာလည်း နေထိုင်စရာ အိမ်မရှိလို့ အတိဒုက္ခရောက်ကြရတဲ့ ၀န်ထမ်းတွေ အများကြီးရှိနေကြောင်း ပြောပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ၀န်ထမ်းတွေ အငြိမ်းစားယူသွားချိန်မှာ ကိုယ်ပိုင်နေအိမ်၊ ကိုယ်ပိုင်တိုက်ခန်းတွေနဲ့ သိက္ခာရှိရှိနေသွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

“ယခုအစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ၀န်ထမ်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ၀န်ထမ်းအိမ်ရာ (၄၆၂၇) ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန် ၃ နှစ် တာကာလမှာလည်း အခန်း (၇၀၀၀) ကျော်ကို ၀န်ထမ်းအိမ်ရာအဖြစ် တည်ဆောက် ပေးသွားရန် စီမံထားရှိပြီးဖြစ်ပါတယ်။ ဒီလိုအစီအစဉ်ကို တိုးချဲ့ခြင်းဖြင့် လာမည့်နှစ်များအတွင်း အခန်းပေါင်း (၁) သောင်းကျော် တည်ဆောက်ပြီး ၀န်ထမ်းတွေအတွက် လစဉ်အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ”

နိုင်ငံတော်အစိုးရက ၀န်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက် ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ၀န်ထမ်းတွေ ကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြောပါတယ်။

ဒါအပြင် အလုပ်သမားများရဲ့ဘဝ စိုပြေသာယာရေးအတွက် ရေတိုကာလမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးရန်ပုံငွေတွေကို အလုပ်သမားတွေအတွက် ထိထိရောက်ရောက် စီမံပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မြင့်မားလာအောင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး နိုင်ငံတကာကိုဖိတ်ခေါ်သွားပါမယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံ ဘေးကင်းမှု၊ အခွင့်အရေး ရရှိခံစားနိုင်မှုတို့ကိုလည်း နိုင်ငံချင်း သဘောတူညီချက်တွေကို အခြေခံပြီး မြှင့်တင်ဆောင်ရွက်ပေးမယ်လို့ ဖော်ပြပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013