
မုံရွာမြို့မှာ ဒီနှစ်သင်္ကြန်ကာလ ယာဉ်တိုက်မှု မနှစ်ကထက် များလာတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"မနှစ်ကတော့ မြို့ပေါ်မဏ္ဍပ်တွေလောက်ပဲရှိတယ်။ ဒီနှစ်တော့ ချင်းတွင်းသင်္ကြန်လုပ်လိုက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေများသွားတယ်။ အဲဒီအတွက် ယာဉ်မတော်တဆမှုတွေလည်း တိုးလာတာပေါ့။ မနှစ်ကတော့ သင်္ကြန်တွင်း ယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ခဲ့တာ မရှိခဲ့ပါဘူး။"
စစ်ကိုင်းတိုင်းဒေသကြီးမှာ သင်္ကြန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ ယာဉ်မတော်တဆမှု ၃၂ မှုမှာ သေဆုံးသူအနေနဲ့ ကျား ၁၁ ယောက်၊ မ ၄ ယောက်နဲ့ ဒဏ်ရာရသူပေါင်း ၉၅ ယောက်ရှိကာ အဲဒီထဲက ၅၀ ဦးကိုတော့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ မုံရွာမြို့အနေနဲ့ကတော့ ယာဉ်တိုက်မှု ၄ မှုရှိပြီး ဒဏ်ရာရသူ ၁၄ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ပါတယ်။
တတိုင်းလုံးနဲ့စာရင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု လျော့နည်းခဲ့ပေမယ့် မုံရွာမြို့အနေနဲ့တော့ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။
မုံရွာမြို့ သင်္ကြန်မှာ ထိခိုက်ဒဏ်ရာရသူ မနှစ်ကထက်များပြားပြီး သေဆုံးသူတွေလည်း ၅ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်











