
ကချင်ပြည်နယ်မှာ မြေပြိုတာကြောင့် ရွှေနဲ့ ကျောက်စိမ်းရှာဖွေသူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဧပြီ ၁၃ ရက်၊ မနက် ၁၁ နာရီက မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရဲ့ အနောက်ဘက် ဟွေတစ်ဆယ် ရွှေမှော်ဟောင်းနေရာမှာ မိုင်းနောင်ကျေးရွာနေ ခင်မောင်ဦး(ခ)ကျော်ဦးနဲ့ နောက်တယောက်တို့ဟာ ရွှေတူးဖော်နေတုန်း မြေကျင်းပြိုကျလို့ သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ ညနေအချိန်မှာ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာက နယူးရတနာဦး ကျောက်မျက် ကုမ္ပဏီလုပ်ကွက်မှာ ဖားကန့်မြို့နယ်၊ ချောင်းဆုံကျေးရွာနေ အောင်ကိုဝင်း (ခ)ကိုဝင်းဟာ ရေမဆေး ကျောက်ရှာဖွေနေတုန်း အမြင့် ၁၀ ပေလောက်က မြေစာနဲ့ ကျောက်ခဲတွေ ပြိုကျပိမိပြီး သေဆုံးခဲ့ပါတယ်။
ဒီအမှုတွေကို လုံးတုံ နယ်မြေရဲစခန်းနဲ့ ဖားကန့်မြို့မရဲစခန်းတွေမှာ သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။











