
ဧပြီလ ၁၅ ရက်မှာ ကျရောက်တဲ့ ကယောတိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက် အမျိုးသားနေ့ကို ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ကယောတိုင်ရင်းသားတွေ တန်ဖိုးထားတဲ့ ဖားစည် တီးခတ်တာ၊ ကယောတိုင်းရင်းသား အမျိုးသားနေ့ စာတမ်း ဖတ်ကြားတာနဲ့ ညီအစ်ကို တိုင်းရင်းသားတွေက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။
ကယောအမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ ဦးချစ်ထွန်းက “ပြည်နယ်လုံခြုံရေး၊ ပြည်နယ် အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးကို ကျနော်တို့ ပြည်နယ်ရဲ့ အမျိုးသားတွေ အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ကျနော်တို့ ကယောအမျိုးသားတွေလည်း တခြားအမျိုးသားတွေနဲ့အတူ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ငြိမ်းချမ်းရေး၊ မွမ်းမွံပြင်ဆင်ရေးနဲ့ ဒီမိုကရေစီအရေးဆိုတဲ့ အချက်တွေအပေါ်မှာ ကျနော်တို့အတူတူ ချီတက်ပြီးတော့မှ တခြားအမျိုးသားများနဲ့အတူ တက်ညီလက်ညီ ချီတက်ကြပါစို့" လို့ ပြောကြားခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့၊ ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကယောတိုင်းရင်းသား ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ကယော ဆိုတဲ့ အမည်ကို ၁၉၆၈ ခုနှစ်မှာ စတင်ခေါ်ဆိုခဲ့တာကြောင့် အခု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ကယောအမျိုးသားတွေရဲ့ မှတ်တိုင်ကို ဟိုယာကျေးရွာမှာ စိုက်ထူထားပါတယ်။
သတင်းဓာတ်ပုံ - ခွန်းတူးတူးလေး(လွိုင်ကော်)











