DVB Logo
Home
မေးမြန်းခန်း
တန်ဖိုးကြီးငွေစက္ကူ ထုတ်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး
DVB
·
June 8, 2012
တန်ဖိုးကြီးငွေစက္ကူ ထုတ်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး
Donate to DVB

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၁ သောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်နေ့ မှာ စတင်ထုတ်ဝေမယ့် အကြောင်း ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။ အခုလို မြန်မာကျပ်ငွေ ၁ သောင်းတန် အစိုးရက ထုထ်ဝေလိုက်တဲ့ အပေါ် သက်ရောက်မှုတွေ ဘယ်လို ရှိနိုင်မလဲ ဆိုတာ စီးပွားရေးပညာရှင် ဦးဟန်ထွန်း (အခွန်) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာကျပ်ငွေ ၁ သောင်းတန် ထုတ်လိုက်တာနဲ့ ပတ်သက်လို့ အခုအချိန်မှာ ထုတ်ဖို့ အကြောင်းတန်ပြီလားလို့ ဆရာ့အနေနဲ့ မြင်ပါသလား။

“အစိုးရကထုတ်တယ်ဆိုတော့ ထုတ်ဖို့ သင့် မသင့် ပြောနေလည်း သိပ် မသင့်တော်တော့ဘူးပေါ့ဗျာ။ ကျနော်တို့ သိသလောက်တော့ ပြည်တွင်း ကုန်ဈေးနှုန်း နဲ့ ငွေဖောင်းပွ နှုန်းတွေ ပြောင်းရလောက်အောင် အပြောင်း အလဲ မဖြစ်သေးဘူးလို့ ယူဆရတယ်။ ဆိုလိုတာ က ပြည်တွင်းဈေးကွက်ရဲ့ ကုန်ဈေးနှုန်း ငြိမ်သက်မှု အတော်အသင့် ရှိနေတယ်။ အဲ့အချိန်မှာ ၁ သောင်းတန် ဘာကြောင့် ထုတ်သလဲဆိုတာ ကျနော်တော့ စဉ်းစားလို့ မတတ်ဘူး။”

၁ သောင်းတန် ထုတ်လိုက်တဲ့အတွက် ဘယ်လိုအကျိုးရှိမလဲ။

“အများပြည်သူအတွက်ကတော့ ငွေစက္ကူအသေးက ပိုလိုတာပေါ့။ တန်ဖိုးအကြီးထုတ်တာက တန်ဖိုးအသေးထုတ်တာလောက်တော့ အကျိုးမရှိနိုင်ဘူး။ အများပြည်သူ လိုအပ်နေတာက ဆိုပါတော့ ၂၀၀ တန်၊ ၅၀၀ တန်၊ ၁၀၀၀ တန် ဆိုရင် အောက်ခြေလူတန်းစားတွေအတွက်က လွယ်လွယ်ကူကူ ဖောဖောသီသီ လဲလှယ်သုံးလို့ရရင် ပြေလည်နေတယ်။ ၅၀၀၀ တန်တောင် မလိုပါဘူး။ ငွေတန်ဖိုး ကြီးကြီးမားမား လဲလှယ်နေရတဲ့ လူတွေအတွက်တော့ လိုရင် လိုမှာပေါ့။ ဖြစ်နိုင်ရင်တော့ ၂၀၀ တန် တရွက်နဲ့ အားလုံး ၀ယ်စားလို့ရရင်တော့ ပိုကောင်းမှာပေါ့ဗျာ။ ဆိုလိုတာက ငွေစက္ကူတန်ဖိုးကြီးကြီး ထုတ်ခြင်းဟာ ငွေဖောင်းပွမှု ရည်ညွှန်းတဲ့ သဘောလေးပါတယ်။ တန်ဖိုးကြီးငွေစက္ကူ ထုတ်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ချက်လက်မှတ် အသုံးပြုတဲ့ ဘဏ်ဝန်ဆောင်မှု စနစ်တွေ မကောင်းသေးတော့ ငွေစက္ကူတန်ဖိုးကြီးတွေ ထုတ်နေရတာပဲ။ ဒါဟာ ဆင်းရဲနိမ့်ကျတဲ့ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေ လုပ်နေရတဲ့ လုပ်ထုံးလုပ်နည်းတွေပဲ ရှင်းရှင်းပြောရရင်။

“ကျနော်တို့ မြင်တာကတော့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်မယ်။ လူတိုင်းလူတိုင်း ဘဏ်လုပ်ငန်းကို အားကိုးမှီခိုသုံးစွဲနိုင်တဲ့ အနေအထားရှိမယ်ဆိုရင် ကောင်းတာပေါ့။ ဒါကလည်း နိုင်ငံပိုင်ဘဏ်တွေက လုပ်ရမှာဗျ။ နိုင်ငံပိုင်ဘဏ်တွေက မလုပ်ဘဲ ပုဂ္ဂလိကဘဏ်တွေကို ပေးမယ်ဆိုရင်လည်း သူတို့ပဲ အကျိုးအမြတ်ဖြစ်သွားတာပေါ့ဗျာ။”

ငွေစက္ကူတွေ ထုတ်ခြင်းအားဖြင့် ဖြစ်လာမယ့် ဂယက်ကို ဘယ်လိုမှန်းဆမိလဲ။ ၁ သောင်းတန်တွေ ထွက်လာပြီး နောက်ပိုင်းမှာ ဘာတွေဖြစ်လာမယ်လို့ ခန့်မှန်းမိပါလဲ။

“အောက်ခြေလူတန်းစားတွေအနေနဲ့ကတော့ ထူးထူးထွေထွေတော့ မဖြစ်ပါဘူး။ အပေါ်ပိုင်းအနေနဲ့ကတော့ ရှင်းရှင်းပြောရရင် ဒါ ငွေဖောင်းပွမှု နိမိတ် တခုဖြစ်နေတယ်။ နောက် သူတို့ပြောတာကြားတာတော့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အထောက်အကူဖြစ်စေဖို့ ဒေါ်လာငွေတန်ဖိုး လဲနှုန်းကို ၁ ထောင်လောက်ထိ ဖြစ်အောင် လုပ်မယ်လို့ ပြောသံကြားတယ်။ ဒါတွေက ပို့ကုန်လုပ်ငန်းတခုတည်းကို ကြည့်လို့မရဘူးလေဗျာ။ ပို့ကုန်လုပ်ငန်းရှင်တွေကတော့ ကျနော်သိသလောက်တော့ သူတို့ညည်းနေတာပဲ။ အမှန်ကတော့ ဈေးကွက်စီးပွားရေး စနစ်မှာ ငွေလဲနှုန်းဆိုတာ ဈေးကွက်အလိုအတိုင်းပဲ ထားတာကောင်းပါတယ်။ အစိုးရကနေ ၀င်စွက်ဖက်တာလုပ်ရင် မလိုလားအပ်တဲ့ တခြား ပြဿနာ၊ ဥပမာ ပြည်တွင်းပို့ကုန်တွေကို တန်ဖိုးမြင့်မြင့်နဲ့ ပိုဝယ်စားရတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။”

အရေအတွက်ကိုရော ဘယ်လောက်ထိ ထုတ်သင့်တယ်လို့ မြင်မိလဲဆရာ။ အရင်တုန်းက ဆိုရင် မြန်မာနိုင်ငံမှာ ငွေစက္ကူ အသစ်တွေ ထုတ်တော့ ထုတ်တယ် ပမာဏ ဘယ်လောက် ထုတ်တယ် ဆိုတာ ဘယ်တော့မှ မကြေညာခဲ့ဘူး။ အခုတခေါက်မှာရော ကြေညာသင့်တယ်လို့ ထင်ပါလား။

“အရင်တုန်းကတော့ ငွေဘယ်လောက်လှည့်လှယ်သုံးစွဲနေတယ်ဆိုပြီး ပါလီမန်ခေတ်တုန်းကတော့ သတင်းစာမှာ ဖော်ပြတယ်။ အခုကတော့ ပြည်တွင်းမှာ ငွေဘယ်လောက်လှည့်လှယ်သုံးစွဲနေလို့ ဘယ်လိုအတိုင်းအတာထိ ရှိလဲ ဆိုတာ မသိဘဲနဲ့တော့ ဘယ်လောက်ထုတ်သင့်တယ် မသင့်ဘူး ကျနော်ပြောလို့ ဘယ်ဖြစ်မလဲ။ ပြောလည်း မပြောတတ်ပါဘူးဗျာ။”

အစိုးရတရပ်အနေနဲ့ရော ဘယ်လောက်ထုတ်တယ်ဆိုတာ ပြောသင့်တယ် ထင်ပါလား။

“ပွင့်လင်းမြင်သာတဲ့ အစိုးရမှန်သမျှကတော့ ယနေ့နိုင်ငံတော်မှာပိုင်တဲ့ သီးသန့် အရန်ငွေကြေးက ဘယ်လောက်ရှိတယ်။ ငွေလည်ပတ်မှုနှုန်းက ဘယ်လောက်ရှိတယ်။ အကုန်လုံးက အသိပေးခဲ့တာပဲ။ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်လို့ ဘတ်ဂျက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြည်သူကို အစီရင်ခံတာ။ နောက်ပိုင်း အစိုးရတွေ တတ်လာပြီးတော့ အဲ့ကိစ္စတွေလည်းပျောက်သွားပြီး တချို့ လုပ်ထုံးလုပ်နည်းတွေတောင် ပြောင်းလဲသွားသေးတယ်။”

အခု ထုတ်လည်းထုတ်ပြီးပြီဆိုတော့ အကောင်းဘက်ကနေ ကြည့်ရင် ဘာတွေရှိမလဲ ဆရာ။

“အကောင်းဘက်ကကြည့်မယ်ဆိုရင် အရင်တုန်းက ၅ ထောင်တန်တွေ အများကြီး သယ်မယ့်အစား ၅ ထောင်တန် တ၀က်သယ်ရမယ်ပေါ့ဗျာ။ ဒါပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013