DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က ၁ သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်
DVB
·
June 8, 2012
ဗဟိုဘဏ်က ၁ သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ၁သောင်းကျပ်တန် ငွေစက္ကူတွေကို လာမယ့် ဇွန် ၁၅ ရက်နေ့မှာ စတင် အသုံးပြုဖို့ ထုတ်ဝေတော့မယ်လို့ ကြေညာသွားပါတယ်။

၁ သောင်းတန် ငွေစက္ကူတွေကို ပြည်သူတွေအနေနဲ့ လာမယ့် ဇွန် ၁၅ ရက်နေ့ကစတင်ပြီး ဘဏ်ဖွင့်ချိန်တွေမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနအပါအ၀င် အစိုးရနဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ အတူ အစိုးရ ငွေတိုက်တွေမှာ ထုတ်ပေးတော့မယ် လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ကြေညာလိုက်တာဖြစ်ပါတယ်။

ဇွန် ၇ ရက်နေ့ ညနေပိုင်း နိုင်ငံပိုင် ရုပ်မြင်သံကြား လိုင်းတွေကနေ ကြေညာ ခဲ့တာပါ။ အဲ့ဒီမှာတော့ အသစ်ဖြန့်ဝေမယ့် ၁ သောင်းတန်ငွေစက္ကူဟာ အလျား ၁၅ နဲ့ အနံ ၇ စင်တီမီတာ ရှိမှာဖြစ်ပြီး ပေါ်လွင်တဲ့ အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။

မျက်နှာစာဘက်ခြမ်းမှာတော့ ထိပ်ပိုင်းမှာ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ်ထားပြီး အလယ်ပိုင်းမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ အဲ့ဒါကို ဝန်းရံထားတဲ့ သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေတဲ့  ဆင်ဖြူတော် နှစ်စီးနဲ့ ထိပ်မှာ ကြာဖြူတပွင့် ရိုက်နှိပ် ထားပါတယ်။ ငွေစက္ကူရဲ့ ထောင့်သုံးထောင့်မှာ ငွေစက္ကူ တန်ဖိုးနဲ့ ဂဏန်းတွေကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။

ကျောဘက်ခြမ်းရဲ့ ထိပ်ပိုင်းမှာတော့ "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး အဲ့ဒီစာတန်းအောက်မှာ "TEN THOUSAND KYATS" ဆိုတဲ့ စာတန်းပါရှိ မှာဖြစ်ပါတယ်။ အလယ်ပိုင်းမှာတော့ ရတနာပုံ မန္တလေး နန်းတော်ရဲ့ မြိုရိုးနဲ့ ကျုံးပုံကို ရိုက်နှိပ် ထားပြီး ထောင့် သုံးထောင့်တွင် ငွေစက္ကူရဲ့ တန်ဖိုးကို ဂဏန်းတွေနဲ့ ရိုက်နှိပ်ထားတာပါတယ်။

ဒီလို အစိုးရက ၁ သောင်းတန် ငွေစက္ကူထုတ်ဝေလာတဲ့အပေါ် ငွေကြေးဖောင်းပွမှုတွေ ပိုဖြစ်လာနိုင်မလားဆိုတဲ့အပေါ်ကိုလည်း စိုးရိမ်မှုတွေ ရှိနေပြီး ဒီအပေါ်ကို နိုင်ငံတကာ စီးပွားရေးရာ ဂျာနယ် အယ်ဒီတာချုပ် ဆရာခင်မောင်ညို (ဘောဂဗေဒ) အခုလို သုံးသပ်ပါတယ်။

“၅၀၀၀ တန်တုန်းကလည်း ငွေဖောင်းပွမှု ဖြစ်မယ်လို့ တွက်ဆကြတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာ ငွေဖောင်းပွမှု မဖြစ်ဘူး။ အခု ၁ သောင်းတန် ထွက်ရင်လည်း ဈေးကစားတာတော့ အနည်းနဲ့အများ ရှိမယ်။ ဒါပေမယ့် ဆရာကတော့ ငွေဖောင်းပွမှု ဖြစ်လိမ်မယ်လို့ မယုံကြည်ဘူး။ ဈေးကစားတဲ့ဟာတော့ ရှိမယ်။ အခုအချိန်က ငွေဖောင်းပွမှု နှုန်းက နိမ့်နေတဲ့အချိန် ဖြစ်တယ်။ နောက်ပြီးတော့ လူတွေရဲ့ ပစ္စည်းဈေးကျတွေ၊ တခြားဟာတွေလည်း ကားဈေးကျတို့ ဒါမျိုးတွေလည်း ရှိနေတယ်။ ရွှေဈေးလို ဟာမျိုးကတော့ ဆွဲတင်ရင် တင်ကြလိမ့်မယ်။ အဲဒါကြောင့်မို့ ဈေးကစားတဲ့ ဟာကတော့ အနည်းနဲ့ အများတော့ ရှိမယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ဈေးနှုန်းတွေ သိသိသာသာ တက်မယ်လို့ ဆရာကတော့ မတွက်ဆဘူး။”

အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကိုင်ဆောင်ရမှုပြဿနာကို အခုလို တန်ဖိုးကြီး ငွေစက္ကူတွေ ရိုက်ထုတ်ဖြေရှင်းတာဟာ အဖြေမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

“၅၀၀၀ တန်လည်း အခုတော့ နည်းနည်းပျံ့သွားပြီပေါ့လေ။ ဟိုတုန်းကတော့ ၅၀၀၀ တန် မမြင်ဘူးတဲ့လူတွေကို အများကြီးပဲ။ အခုလည်း ၁ သောင်းတန်က အခြေခံလူတန်းစားနဲ့တော့ သိပ်ပြီးတော့ သက်ဆိုင်မယ် မထင်ပါဘူး။ အခြေခံလူတန်းစားနဲ့တော့ တိုက်ရိုက် သိပ်မသက်ဆိုင်ဘူး။ ၁ သောင်းကိုင်ဖို့ ဆိုတာကလည်း သိပ်တော့ လွယ်လှတာမဟုတ်ဘူး။ နောက်တခုကတော့ ငါးထောင်တန်တွေ ၁ သောင်းတန်တွေ၊ ၁သောင်းတန် ထုတ်ထုတ် ၁သိန်းတန် ထုတ်ထုတ် ဒါတွေကတော့ ဖြေရှင်းနည်း မဟုတ်ဘူးလို့ ဆရာကတော့ ယူဆတယ်။ အရေးကြီးတာကတော့ ငွေကိုင်တဲ့ စနစ်ကနေပြီးတော့ ဘဏ်ကိုသုံးတဲ့ ချက်လက်မှတ်သုံးတဲ့ စနစ်ကို ကူးရမယ်။ အဲဒီ တိုးတက်မှုကို ပြောင်းရမယ်လို့တော့ ယူဆတယ်။ ဒီလိုပဲ ငွေတန်ဖိုးတွေ မြှင့်ပြီး လိုက်ထုတ်နေတာကတော့ ဖြေရှင်းနည်းလို့ ဆရာကတော့ မယူဆဘူး။”

ဗဟိုဘဏ်ရဲ့ ကျပ်ငွေ ၁ သောင်းတန် တရားဝင် ထုတ်ဝေတဲ့အကြောင်း ကြေညာချက်မှာပဲ လက်ရှိ တရားဝင် လှည့်လည် သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ငွေအကြွေတွေဟာလည်း တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက် တည်ရှိနေမယ် ဆိုတာလည်း ကြေညာချက်မှာ ပါပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013