DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေတွင်းအလုပ်သမားများ သမ္မတအိမ်ထိ သွားရောက်ဆန္ဒပြမည်
DVB
·
June 7, 2012
မိုးထိမိုးမိ ရွှေတွင်းအလုပ်သမားများ သမ္မတအိမ်ထိ သွားရောက်ဆန္ဒပြမည်
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်ပေါ် ရွှေတွင်းလုပ်ကွက်တွေမှာ ဆက်လက် တူးဖော် လုပ်ကိုင်ခွင့်ရရေးအတွက်  ရွှေတွင်းတူးလုပ်သားတွေနဲ့ မိသားစုတွေ ဒီနေ့ ၇ ရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။

ဧက ၆ ထောင်ကျော် လောက်ရှိတဲ့ ဒီရွှေလုပ်ကွက်နေရာမှာ  အမျိုးသားကြီး ပွားတိုးတက်ရေး ကုမ္ပဏီက ၅ နှစ် သက်တမ်းအတွက် ရွှေတူးဖော်ခွင့် လိုင်စင် ရရှိထားတာပါ။

[caption id="attachment_26449" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးထိမိုးမိ ရွှေတွင်း အလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]

ကုမ္ပဏီအနေနဲ့ ဒီလုပ်ကွက်မှာ ရွှေတူးဖော်ဖို့ လုပ်ငန်းရှင်တွေနဲ့ ရွှေတူးသမားတွေကို နှုတ်ကတိ နဲ့ လုပ်ကိုင်ခွင့် ပေးထားရာ ကနေ ခုတော့ လုပ်ခွင့် ဆက်မပေးတော့တဲ့အတွက် အလုပ်သမားတွေ အလုပ် လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်တွေ့နေတဲ့အတွက် ဆန္ဒပြနေကြတာလို့ ရွှေတူး အလုပ်သမားတွေက ပြောပါတယ်။

ရွှေတွင်းတူး အလုပ်သမားတဦးက “ဒီနေ့ ကတော့ သူတို့ ဖိုင်နယ် ညှိမယ် လို့ ပြောထားတဲ့နေ့ လေ။ တောင်ပေါ်မှာရှိတဲ့ ယောက်ျား၊ ကလေးမကျန်ထွက်ကြတာ။ ကျနော်တို့ကတော့ ရွှေလုပ်သားတွေရဲ့ လုပ်ပိုင်ခွင့်ပေါ့။ သူတို့နဲ့ လုပ်ငန်း စလုပ်တုန်းက ရှိခဲ့တဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်တွေ တောင်းဆိုတာပါ။ သူတို့ ကျနော်တို့ကို ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ တယ်။ ဖိတ်ခေါ်ခဲ့တဲ့အချိန်မှာ ကျနော်တို့ လုပ်ခဲ့ကြတယ်။ ခုဟာက သူတို့က ကျနော်တို့ရဲ့ လုပ်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပြီးတော့ ဆင်းသွားလို့ပြောတာနဲ့ အတူတူပဲခင်ဗျ။ အဲဒါကို မခံမရပ် နိုင်ဖြစ်ပြီးတော့ အုံကြွမှုဖြစ်ကြတာပေါ့” လို့ ပြောပါတယ်။

ဒီနေ့ မနက်မှာ ရွှေလုပ်ကွက် ဇုန် ၁၂ ခုလောက်က အလုပ်သမား ကိုယ်စားလှယ်တွေဟာ ကုမ္ပဏီ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးရွှေမိုးနဲ့ တာဝန်ရှိသူတွေကို ဒီကိစ္စပြေလည် ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

ဒါပေမယ့် ပြေလည်မှုမရသေးတဲ့အကြောင်းနဲ့ ကုမ္ပဏီအနေနဲ့ ၂ ရက်အချိန် ယူလေ့လာပြီးမှ အကြောင်းပြန်မယ် လို့ အလုပ်သမားတွေကို တုံ့ပြန်ထားတယ်လို့ အလုပ်သမားတွေရဲ့ အခြေအနေကို သွားရောက်လေ့လာနေတဲ့ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်သူများအဖွဲ့က ဦးအေးသိန်း က ပြောပါတယ်။

ဆန္ဒပြနေတဲ့ ရွှေတူးလုပ်သားတွေကတော့ ပြေလည်အောင် ဖြေရှင်းမပေးရင် ရမည်းသင်းကနေ တဆင့် နေပြည်တော် သမ္မတ အိမ်ရှေ့ထိ သွားရောက်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသွားမယ် လို့ ပြောပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ ရန်ကုန်ရုံးချုပ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ကုမ္ပဏီ အနေနဲ့ မေ ၁ ရက်နေ့ကစပြီး သတ္တုတွင်း ၀န်ကြီး ဌာနရဲ့ ညွန်ကြားချက်အရ  မိုင်းတွင်း ဘေးကင်း လုံခြုံမှုရှိရေးအတွက် နိုင်ငံတကာစံနှုန်းတွေအတိုင်း ပြောင်းလဲဆောင်ရွက်နေတာဖြစ်ပြီး ရွှေမတူးဖို့ ပိတ်ပင်တားမြစ်ထားတာမဟုတ်ဘဲ သတ်မှတ်ချက်နဲ့အညီ လုပ်ကိုင်ဖို့သာ ပြောထားတာလို့ ဆိုပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက စီအီးအို ဒေါ်နန်ဒီလင်းက “စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာမယ်ဆိုရင် လာလုပ်ပါလို့ ကျမတို့က ဖိတ်ခေါ်ထားပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ပြေလည်သွားမှာဘဲ။ ကျမတို့ဘက်ကလည်း ပိတ်ထားတာ မဟုတ်တဲ့ အတွက်ကြောင့် သူတို့အနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း ရွှေတွင်း ဘေးကင်းလုံခြုံရေး အတွက် ၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုရင် ကျမတို့က ဘယ်သူမဆို လက်ခံမှာပါ” လို့ ပြောပါတယ်။

လက်ရှိ ကုမ္ပဏီမှာ အလုပ်သမား ၅၀၀၀ လောက် ဆက်လက်လုပ်ကိုင်နေပြီး   တကယ်တမ်း ဆန္ဒပြနေတဲ့ ရွှေတွင်း အလုပ်သမား အရေအတွက်ဟာ မီဒီယာတွေမှာ ဖော်ပြထားသလို သိန်းနဲ့ ချီ မရှိဘဲ ၃၀၀ ကနေ ၅၀၀ လောက်ပဲရှိတယ်လို့ ဒေါ်နန်ဒီလင်းက ဒီဗွီဘီကို ပြောပါတယ်။

မိုးထိမိုးမိရွှေတွင်းထိ သွားရောက်သတင်းယူဖို့ ကြိုးစားတဲ့ ဒီဗွီဘီ သတင်းထောက်နဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို ပြီးခဲ့တဲ့ညက ကုမ္ပဏီက ဆန္ဒပြအလုပ်သမားတွေဆီ ဆက်သွားခွင့်မပေးဘဲ တားမြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဗွီဘီ သတင်းထောက်တဦးက “ကျနော်တောင်ပေါ်ကို တက်လာတဲ့ အချိန်မှာ တခြားသူတွေလည်း တက်နေတာတွေ့တယ်။ အတက်အဆင်းလဲရှိတယ်။ ကျနော်တို့လည်း သာမန်လူအနေနဲ့ပဲ တက်လာတဲ့ဟာကို ဒီရောက်လဲရောက်ရော ဘယ်ကလဲဆိုပြီးတော့၊ ကျနော်က သတင်းမီဒီယာကပါ ဆိုတော့ သတင်းမီဒီယာဆိုရင် တောင်ပေါ်ကို တက်ခွင့်မရှိပါဘူးတဲ့။  တက်ခွင့်မရှိဘူးဆိုပြီး လမ်းမှာပိတ်ထားတယ်။ တညလုံးလမ်းမှာ အိပ်နေရတယ်။ ခုချိန်ထိ လမ်းပေါ်မှာပဲရှိသေးတယ်။”

ကုမ္ပဏီကတော့ သူတို့ရဲ့ပိုင်နက် လုပ်ငန်းခွင်ဖြစ်လို့ ၀င်ခွင့်မပေးရတာလို့ ပြောပါတယ်။ ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့ကတော့ ဒီပြဿနာကို သိရှိတဲ့အကြောင်းနဲ့ ရိုးရိုးဆန္ဒပြတာဖြစ်တဲ့ အတွက် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013