DVB Logo
Home
မြန်မာသတင်း
Hall Mark အထည်ချုပ်စက်ရုံအလုပ်သမားတွေ အလုပ်ရှင်နဲ့ပြန်လည် စာချုပ်ချုပ်
DVB
·
June 7, 2012
Donate to DVB

လှိုင်သာယာ စက်မှုဇုန် အမှတ် ၁ မှာရှိတဲ့ Hall Mark အထည်ချုပ်စက်ရုံက အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒပြတဲ့ အလုပ်သမားတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု အဆင်ပြေသွားတဲ့အတွက် ဒီနေ့ အလုပ်ရှင် နဲ့ ပြန်လည် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အလုပ်သမား ၀န်ကြီးဌာနက ဒု-ညွှန်ချုပ် ဦးဇော်ဇော်ဦး၊ အလုပ်သမား ၀န်ကြီးဌာန ညှိနှိုင်းရေးကော်မရှင်က ရှေ့နေ ဦးအောင်နိုင်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က မသက်သက်အောင်၊ ကိုချစ်ကိုလေးနဲ့ အလုပ်ရှင် အလုပ်သမားတွေ ဒီမနက် ညှိနှိုင်း လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

Hall Mark အထည်ချုပ် စက်ရုံက ဆန္ဒပြ အလုပ်သမား ၈၀၀ ခန့်ကို ကိုယ်စားပြုတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်ရှင်နဲ့ ပြန်လည် လက်မှတ်ထိုးခဲ့တာလို့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင် က ပြောပါတယ်။

“စာချုပ် ချုပ်တဲ့အခါ ပထမ သူတို့က ဥက္ကဋ္ဌ ဦးမြင့်စိုးတို့ ချထားတဲ့ form ရှိတာကိုး။ အဲဒီ form ကို သူတို့က မကြိုက်ဘူးပေါ့နော်။ သူတို့အတွက်က လစာ သိပ်မတိုးဘူးပေါ့နော်။ အဲဒါကို လက်ခံဘူးတဲ့ ဆိုတော့ အဲဒါနဲ့ နောက် တသောင်းခွဲပေါ့နော်။ သူတို့တွေ ၆ သောင်းရရင် ၁ သောင်းခွဲ တိုးမယ်ဆိုရင်၊ ၇ သောင်းခွဲပေါ့နော်။ အဲဒါနဲ့ သူတို့ လက်ခံပြီး သဘောတူတယ်ဆိုပြီး အခု ပြင်ပြီးတော့ စာချုပ် ချုပ်လာတာရှင့်။ အဓိကကတော့ ကျမတို့က အလုပ်ရှင်နဲ့ အလုပ်သမား သူတို့ ညှိနှိုင်းပြီးတော့ ကျေလည် တဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်ရတာလေ။ အလုပ်ရှင်တွေကလည်း အတွေ့မခံဘဲနဲ့ မဖြစ်ရလေအောင် ကျမတို့တွေကနေပြီးတော့ တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်း၊ သူတို့ ကျေလည်၊ ကျေလည်တဲ့အဖွဲ့က လက်မှတ်ထိုးပြီးတော့ ပြီးသွားတဲ့ သဘောပေါ့နော်။ Hall Mark ကလည်း ဒီနည်းနဲ့ ပြီးသွားတာပဲ။”

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အလုပ်သမား အလုပ်ရှင်အကြား ၃ ရက်တာ ညှိနှိုင်းပေးမှုအတွင်း စက်ရုံ ၁၂ လောက် ပြေလည်မှုရရှိသွားပြီလို့ ဆိုပါတယ်။

ပြေလည်သွားတဲ့ စက်ရုံတွေကတော့ ဟိုင်မိုဆံပင်တု စက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ၊ ဆန်နီ၊ ဆန်ကောင်း၊ မြန်မာစီအန်အန်၊ Myth Appearance/  အာရှ ဖူဂျီ၊ ငွေကံ့ကော်၊ ကောင်းဇက်၊ ဆာကူရာ၊ Hall mark၊ တာရှင်း စတဲ့ အထည်ချုပ် အပါအ၀င် စက်ရုံပေါင်း ၁၂ ရုံကျော် သဘောတူညီမှု ရရှိပြီဖြစ်ပါတယ်။

ဒီလိုစက်ရုံအများစုကမှာ ပြေလည်မှု ရရှိနေပေမယ့်လည်း မနေ့တနေ့ကမှ အခြေခံလစာရရှိရေး စတင် ဆန္ဒဖော် ထုတ်တဲ့ စက်ရုံတွေလည်းရှိနေပါတယ်။ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အရပ်ရှိ ပျဉ်းမပင် စက်မှုဇုန်ထဲက နဂါးတိုင်းပြည် (Dragon State)နဲ့ တခြားစက်ရုံ နှစ်ခုမှာလည်း ဆန္ဒပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013