DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသည်များ ကျိုင်းတုံ-မိုင်းလားသို့ လည်ပတ်ခွင့်ရပြီ
DVB
·
June 7, 2012
ကမ္ဘာလှည့်ခရီးသည်များ ကျိုင်းတုံ-မိုင်းလားသို့ လည်ပတ်ခွင့်ရပြီ
Donate to DVB

အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေကြောင့် ၁ နှစ်ကျော် ပိတ်ပင်ထားခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ-မိုင်းလား ခရီးလမ်းအပိုင်းကို ဒီဇွန်လဆန်းကနေ စပြီး  ပြန်ဖွင့်လိုက် ပါတယ်။

ဒေသတွင်း နယ်မြေအခြေအနေ တည်ငြိမ်အေးဆေးသွားပြီလို့ ယူဆရတဲ့အတွက်ရော၊ သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်အရပါ ဇွန် ၄ ရက်နေ့ ကစပြီး ဖွင့်လှစ်လိုက်တယ်လို့  မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဌာန တာချီလိတ်ခရိုင် ရုံးခွဲရဲ့ အထွေထွေမန်နေဂျာ ဗိုလ်မှူး သက်လင်း က ပြောပါတယ်။

[caption id="attachment_26423" align="alignleft" width="300" caption="မိုင်းလားအ၀င် တာ့ပင်းတံတားဂိတ် (ဓာတ်ပုံ- အန်းတိုင် သျှမ်းသံတော်ဆင့်)"][/caption]

“ကျနော်တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လာတုန်းက လမ်းညွှန်မှာကြားခဲ့ တာလေ။ ဒေသဖွံ့ဖြိုးဖို့ အတွက် အဲဒါလေးကို ပြန်ဖွင့်ပေးလိုက်တာ။ ၄ ရက်နေ့က စပြီးတော့ ကျနော်တို့ ရုံးလုပ်ငန်းတွေ စပြီးတော့ ဆောင်ရွက်နေပြီ။ လုံခြုံရေးအတွက် အာမခံကတော့ ကျနော်တို့က လုံခြုံရေးအာမခံ အနေနဲ့က ယာဉ်ဆိုရင်တော့ ယာဉ်အာမခံပေါ့နော်။ လူဆိုလည်း လူအာမခံပေါ့နော်။ အဲဒါမျိုးလုပ်တဲ့ အာမခံဌာန ရှိပါတယ်ခင်ဗျ။ ထိုင်းနိုင်ငံသား အနေနဲ့ သွားမယ်ဆိုရင် EP ပေါ့နော်။ entry permit ၁၃ ညအိပ် ၁၄ ရက် ခွင့်ပြုထားပါတယ်။”

ကျိုင်းတုံ-မိုင်းလားဒေသမှာ စိတ်ဝင်စားစရာအနေနဲ့ ကျိုင်းတုံမှာ ရှေးဟောင်းစေတီ ပုထိုးတွေ၊ ရှေးမြို့ရိုး တံခါးတွေရှိပြီး ကျိုင်းတုံ-မိုင်းလား သွားလမ်းတလျှောက်မှာ ကျေးရွာငယ်တွေ အများကြီးရှိတဲ့အတွက် လာရောက် လည်ပတ်သူတွေအနေနဲ့ ဒေသခံတိုင်းရင်းသားတို့ရဲ့ ဘ၀အခြေအနေ၊ ရိုးရာယဉ်ကျေးမှုတွေ လေ့လာ နိုင်ပြီး သဘာဝအလှတွေ ခံစားနိုင်မယ်၊ မိုင်းလားအထူးဒေသက တမူထူးခြားတဲ့ တရုတ်နယ်စပ် ပျော်ပွဲရွှင်ပွဲတွေလည်း ၀င်နွှဲနိုင်မယ်လို့ ဗိုလ်မှူးသက်လင်းက ပြောပါတယ်။

ကျိုင်းတုံ-မိုင်းလား ခရီးသွားလုပ်ငန်း ဖွင့်လိုက်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ၀င်ငွေ တဘက်တလမ်း တိုးသလို ဒေသခံတိုင်းရင်းသားထွက်ကုန်တွေလည်း   ရောင်းချနိုင်မှာဖြစ်ပြီး ဧည့်လမ်းညွှန်အနေနဲ့ နယ်မြေခံတွေ ဦးစားပေးခန့်ထားတဲ့အတွက် ဒေသထဲကလူတွေ အလုပ်အကိုင် အခွင့်အလမ်း ရလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ home stay ပုံစံ နေထိုင်လို့ရအောင်၊ နိုင်ငံတကာအဆင့်မီအောင် ၀န်ဆောင်မှုလုပ်ငန်း တိုးတက်ဖို့ အတွက် ကြိုးစားဆောင်ရွက်ပေးနေတယ်လို့လည်း ဗိုလ်မှူးသက်လင်းက ပြောပါတယ်။

မိုင်းလားဒေသဟာ ဦးစိုင်းလင်းခေါင်းဆောင်တဲ့  ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု အဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး  အထူးဒေသ ၄ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်နေ တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးစီမံချက်ကြောင့် နှစ်ဘက်တင်းမာခဲ့ပြီး   နိုင်ငံခြားသွား ခရီးသွားလာခွင့်ကို မြန်မာအစိုးရက ၂၀၁၀ ခုနှစ် နိုဝင်ဘာလက စပြီးတော့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှာတော့ အဲဒီမိုင်းလားအဖွဲ့နဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲဖို့ ပြည်ထောင်စုအဆင့်ပါ ပြန်လည်သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013