DVB Logo
Home
မြန်မာသတင်း
ဗကသခေါင်းဆောင်များကို အသင်းအပင်းဖွဲ့ခွင့် ဥပဒေအကြောင်း ရှင်းပြ
DVB
·
June 6, 2012
ဗကသခေါင်းဆောင်များကို အသင်းအပင်းဖွဲ့ခွင့် ဥပဒေအကြောင်း ရှင်းပြ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ကြားပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ဖတ်ကြား ရှင်းလင်းပါတယ်။

ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဒေါက်တာ သန်းအောင် ဦးစီးပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဦးစီးမှူးတွေပါ တက်ရောက်ပြီး ကျောင်းသားခေါင်းဆောင် ၈ ဦးကို တွေ့ဆုံခဲ့ပါတယ်။

“ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ နို်င်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပြင် တခြားသော အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမှာလည်း မှတ်ပုံတင်ထားခြင်း မရှိတာကို တွေ့ရတယ်။ အဲဒီအတွက် အသိပေးရန်နှင့် လိုသလို ဆောင်ရွက် ရန်၊ ဆောင်ရွက်ပြီးသမျှကို ပြန်လည် တင်ပြပါရန်ဆိုတဲ့ ညွှန်ကြားချက် တစောင် ရောက်လာတဲ့ အတွက် ကျနော်တို့ကို ခေါ်ယူဆွေးနွေးခြင်း ဖြစ်ပါ တယ် လို့ ပြောပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၆/၈၈ကို သူတို့ကို ဖတ်ကြားပြသခဲ့တယ်လို့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဗကသဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောပါတယ်။

“အရင်တုန်းက ဗကသ ဖွဲ့ခဲ့လို့ အဖွဲ့အစည်းဆိုင်ရာ ပုဒ်မနဲ့ ထောင်တွေကျခဲ့ကြတဲ့ ဥပဒေပဲ၊ ၆/၈၈ အဲဒီဥပဒေကို ဖတ်ပြပါတယ်။ ဖတ်ပြပြီးတော့ ကျနော်တို့တွေက ဒီဥပဒေနဲ့ မတင်ထားဘူးပေါ့နော်။ တင်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းကို ရှင်းပြတယ်။ အရင်အဟောင်းကို ပြန်ဖတ်ပြတယ်။ ”

အဲဒီဥပဒေထဲမှာ အသင်းအဖွဲ့တွေဆိုတာ သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စတဲ့ အသင်းအပင်းနဲ့ နိုင်ငံရေးအသင်းအဖွဲ့တွေဖြစ်တယ်လို့ ညွှန်းဆိုထားပြီး အဲဒီအသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ရဖို့ ပြည်ထဲရေး ၀န်ကြီးဌာနထံမှာ မှတ်ပုံတင်ကြရမယ်။ ခွင့်ပြုချက်မရှိဘဲ ဖွဲ့စည်းလှုပ်ရှားတဲ့သူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ကျောင်းသားတွေဘက်ကတော့ အဲဒီ ဥပဒေအရ မှတ်ပုံတင်မှာ မဟုတ်တဲ့ အကြောင်း ပြန်လည် ရှင်းပြခဲ့တယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်၊

“ဗကသရဲ့ အစဉ်အလာ သမိုင်းကြောင်းအရ မှတ်ပုံတင်တဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။ မတင်နိုင်ကြောင်းကိုတော့ ပြောပါတယ်။ အဓိကက ဒီဥပဒေနဲ့ပတ်သက်ပြီး လုံးဝမတင်နိုင်သလို အရင်တုန်းကလိုပဲ တက္ကသိုလ်များကောင်စီ ဥပဒေမျိုး၊ တက္ကသိုလ်တွေ မှာ ကျောင်းသားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် သူ့ဟာသူ တက္ကသိုလ်ဆီးနိတ်အောက်မှာ ရှိနေမယ့် ဥပဒေမျိုး ကျနော်တို့ လိုချင်တယ်။ ကျနော်တို့နဲ့ ညှိနှိုင်းမှုတွေအပေါ်မှာတော့ သူတို့က ဆုံးဖြတ်နိုင်ခွင့် ရှိသူတွေမဟုတ်တဲ့အတွက် ဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ပဲ ပြန်လာတယ်။”

ဒီ ကျောင်းသားခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေက ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဒီဥပဒေအမှတ် ၆/၈၈ အရ အသင်းအပင်းဖွဲ့စည်းမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ကြရဖူးကြပါတယ်။

ကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကလည်း ဗကသများအဖွဲ့ချုပ်ဟာ ကျောင်းသားထုအကြားမှာ တရားဝင်မှုရှိပါတယ်လို့ပြောပါတယ်။

“သမဂ္ဂက အမြဲတမ်း တရားဝင်ရပ်တည်နေတဲ့ အဖွဲ့အစည်း တခုဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ ကျောင်းသားထုကြားထဲမှာ အမြဲတမ်း တရားဝင်တယ်။ ကျနော်တို့က အရင်ကာလတွေကတည်းက မတရားအသင်း ကြေညာခံထားရတာ မရှိဘူး။ သမဂ္ဂက ကျောင်းပရ၀ုဏ်ထဲမှာ သီးခြား၊ မည်သည့်အစိုးရ အဖွဲ့အစည်းရဲ့ လက်အောက်မှ မဟုတ်ဘဲနဲ့ လွတ်လပ်စွာ လှုပ်ရှားရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။”

အစိုးရဘက်ကလည်း တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ဖို့ ဥပဒေပြဌာန်းသလို ဗကသ ကျောင်းသားတွေကလည်း အစဉ်အဆက်အားဖြင့် မှတ်ပုံတင်ဖူးခြင်းမရှိတဲ့ ဗကသများ အဖွဲ့ချုပ်ဟာ တရားဝင် အဖွဲ့အစည်းဖြစ်တယ်လို့ ရပ်တည်နေကြတာပါ။ တကယ်လို့ မှတ်ပုံတင်ရေး ကိစ္စကိုလည်း သူတို့က ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ကျောင်းသားထုညီလာခံကသာ ဆုံးဖြတ်နိုင်တယ် ဆိုတာကို အာဏာပိုင်တွေကို ပြန်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေကို ဗကသ အဖွဲ့က မွေးထုတ်နိုင်ခဲ့ ပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီက  ကျောင်းသားလှုပ်ရှားမှုတွေကို နှိမ်နင်းခဲ့သလို  ရန်ကုန်တက္ကသိုလ်အ၀င်ဝမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို   ဒိုင်းနမိုက် နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013