
ပြီးခဲ့တဲ့ မေလကစပြီး အခြေခံလစာ တိုးမြင့်ရေး တောင်းဆို ဆန္ဒပြတဲ့ လှိုင်သာယာက စက်ရုံတချို့မှာ အလုပ်သမား ၀န်ကြီးဌာန၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အလုပ်သမား အရေး ဆောင်ရွက်ပေး သူတွေက ကြားဝင်ညှိနှိုင်းပေးတဲ့အတွက် ပြေလည်မှု ရရှိသွားပါတယ်။
[caption id="attachment_26184" align="alignleft" width="300" caption="ဟိုင်မိုစက်ရုံ အလုပ်သမားများ ဆန္ဒပြခဲ့စဉ်"]
[/caption]
အလုပ်သမား ၀န်ကြီး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမြင့်သိန်းနဲ့ ၈၈မျိုးဆက် ကျောင်း သားတွေဟာ အင်္ဂါ နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အလုပ်ရှင်နဲ့ အလုပ်သမား အကြား ၂ ရက်တာ ၀င်ရောက် ညှိနှိုင်းပေးရာမှာ ဟိုင်မို ဆံပင်တု စက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ၊ မြန်မာဆန်နီ၊ ဆန်ကောင်း၊ မြန်မာ စီအန်စီ၊ Myth April၊ အာရှ ဖူးဂျီ အထည်ချုပ် စတဲ့ စက်ရုံတွေ နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
အလုပ်သမားပြဿနာ ကြားဝင်ဆောက်ရွက်ပေးနေသူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသူ မမာမာဦး က “အဲဒီကိစ္စက အခု ၈၈ ရယ်၊ အလုပ်သမား ၀န်ကြီးတွေရယ်၊ အထည်ချုပ်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ နဲ့ ဦးမြတ်သူရယ်၊ ဆွေးနွေးတဲ့အခါကျတော့ ဈေးနှုန်းတွေကို ဦးမြတ်သူကနေ အကြမ်းဖျင်း သတ်မှတ်တယ်၊ သတ်မှတ်လိုက်တဲ့ ဈေးက အကူက ၁ လကို ၅၆၇၀၀ ကျပ်၊ ဘီအဆင့်က ၈၂၇၉၄ ကျပ်၊ စီအဆင့်က ၇၀၂၀၀ ကျပ်၊ အဓိက တိုးပေးလိုက်တာက နေ့ကြေးတွေမှာ တိုးပေးလိုက် တယ်။ နေ့ကြေး တိုးပေးရင် လုပ်ငန်းရှင်က တခြားရှားပါးစရိတ်တို့၊ ရက်မှန်ကြေးတို့ကို ဖြတ်လို့မရဘူး။ အခုပေးထားတဲ့ လူတွေက ရက်မှန်ကြေးတို့၊ ရှားပါးစရိတ်တို့မှာ တိုးပေးထားတယ်။
လစာနေ့ကြေးကျတော့ လျှော့ပေးထားတယ်။ လျှော့ပေးထားတော့ မစားလောက်ဘူးပေါ့။ ဥပမာ နောက်ကျလို့ အဖြတ်ခံလိုက်ရတယ်။ တမိနစ် နောက်ကျရင် ၂၀၀၀ ဖြတ်တဲ့စက်ရုံတွေရှိတယ်။ ၄၀၀၀ ထိဖြတ်တဲ့ စက်ရုံတွေလည်း ရှိတယ်။ အဲဒါကြောင့် ဒီဟာတွေကို မဖြတ်နိုင်အောင် ညှိပေးလိုက်တာ။ နောက်စက်ရုံတွေလည်း ဒီဈေးနှုန်းတွေနဲ့ပဲ ညှိမှာပဲ။”
ဆာကူရာ အထည်ချုပ် စက်ရုံမှာတော့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ကြားဝင်ညှိနှိုင်းတာမျိုး မရှိပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားကြား အချင်းချင်းညှိနှိုင်း ပြေလည်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့မှာလည်း ကြားဝင်ဆောက်ရွက်ပေးနေသူတွေဟာ လှိုင်သာယာ စက်မှုဇုန်အတွင်း ဆန္ဒပြနေတဲ့ စက်ရုံ ၁၉ ရုံအနက် ၁ ရက်ကို စက်ရုံ ၅ ရုံနှုန်းနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတာလို့ ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးက ပြောပါတယ်။
ရန်ကုန် လှိုင်သာယာစက်မှုဇုန်ပါအ၀င် ရွှေပြည်သာ၊ မှော်ဘီမြို့နယ်က စက်ရုံအလုပ်ရုံက အလုပ်သမားတွေ ဟာ အခြေခံ လစာ ၃ သောင်း တိုးပေးရေး ပြီးခဲ့တဲ့ မေလကတည်းက ဆန္ဒပြ တောင်းဆိုခဲ့ကြ တာ ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ မေလအတွင်း လစာတိုးမြှင့်ရေးတောင်းဆိုတဲ့ စက်ရုံပေါင်း ၅၇ ရုံရှိပြီး ၃၈ ရုံကို ဖြေရှင်းပေးပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လတ်လောမှာတော့ ၁၉ ရုံ ကို ဖြေရှင်းပေးနေဆဲပဲလို့ ဖော်ပြထားပါတယ်။











