DVB Logo
Home
မြန်မာသတင်း
ထိုင်းခရီးစဉ် မျှော်မှန်းထားတာထက် အဆင်ပြေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 6, 2012
Donate to DVB

ထိုင်းနိုင်ငံ ခရီးစဉ်အပေါ် အပြည့်အ၀ ကျေနပ်မှုရှိပြီး မျှော်မှန်းထားတာထက် အဆင်ပြေတဲ့ ခရီးစဉ်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ထိုင်းနိုင်ငံက ပြန်ရောက်ပြီးနောက် ရန်ကုန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

“ကျမက မျှော်မှန်းခဲ့တာထက် ဒီခရီးစဉ်က အများကြီး အဆင်ပြေခဲ့ပါတယ်။ ဘယ်တော့မှ ဒီခရီးစဉ်ကို မေ့မှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။”

၆ ရက်ကြာ ခရီးအတွင်း ဘန်ကောက်မှာ ကမ္ဘာစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တာနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှွှွှေ့ပြောင်းအလုပ်သမားတွေ၊ နယ်စပ်က ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှုတွေဟာ အကျိုးရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်အနီး မဟာချိုင်ဒေသ က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီကို  ၂ ကြိမ်သွားရောက် လေ့လာခဲ့ပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းဘက်က အကောင်းဆုံးဖြစ်အောင် လုပ်နေတာကို တွေ့ခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ဒေသတွင်းက နိုင်ငံတွေတင်မကဘူး၊ ကမ္ဘာ့တလွှားက စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံကြီးများရဲ့ အမြင်တွေကို တွေ့ခဲ့ရတာပါ။ မြန်မာနိုင်ငံအတွက်၊ ကျမအတွက် စဉ်းစားစရာကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။ အဲဒါလည်း တော်တော်တန်ဖိုးရှိပါတယ်။ ကျမတို့ နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျမကတော့ အလုပ်သမားတွေအတွက်နဲ့ ထိုင်းနိုင်ငံက တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်လို့ လုပ်နေတယ်ဆိုတာ မြင်ခဲ့ရတယ်။ ဆက်ပြီးလုပ်နိုင်ဖို့အတွက် အဘက်ဘက်က ကြိုးစားသွားကြမယ်လို့ ယုံကြည်ပါတယ်။”

ဒီခရီးစဉ်အတွင်းမှာ လုံခြုံရေးပေးတာနဲ့ ပတ်သက်လို့ တန်ဖိုးထားတဲ့အကြောင်းနဲ့ ထိုင်းအစိုးရနဲ့ ပြည်သူတွေက နွေးနွေးထွေးထွေးရှိတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ထိုင်း-မြန်မာဆက်ဆံရေး ပိုကောင်းသွားအောင် ကြိုးစားသွားချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ကျမတို့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အချက်တွေကို ကြိုတင်ပြင်ဆင်ပြီးတော့ ကျမတို့ကို အသိပေးတယ်။ ဒုက္ခသည်စခန်းမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့နိုင်အောင်လို့ စီစဉ်ပေးတယ်။ နောက် ဒုက္ခသည် စခန်းက ဆေးရုံလည်း သွားတွေ့ဖြစ်တယ်။ ဒုက္ခသည်တွေနဲ့လည်း အတိုင်းအတာ တခုထိ ပြောနိုင်ဆိုနိုင်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သွားသလို၊ ကျမတို့ ပြည်သူလူထု နဲ့ တွေ့သလို တွေ့နိုင်အောင် စီစဉ်ပေးတယ်။ ကျမအနေနဲ့ကတော့ ထိုင်းအစိုးရ လုပ်ပေးခဲ့တဲ့ အစီအစဉ်တွေကိုတော့ အားလုံးကျေနပ်ပါတယ်။ တချို့ပိုပြီးတော့ ကျမနဲ့တွေ့ချင်တဲ့ မြန်မာနိုင်ငံက အသင်းအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေရှိတယ်။ တချို့ကလည်း မတွေ့ခဲ့ရဘူး။ အဲဒါတွေ ကျမကြားရတယ်။

ဒါပေမယ့် ဘာပဲပြောပြော ကျမအမြင်မှာတော့ ကျမက ဧည့်သည် အနေနဲ့သွားတာ၊ အိမ်ရှင်က ဒီလောက်တောင်မှ ၀တ္တရားကျေမှတော့ ကျမကတော့ လုံးဝကျေနပ်တယ်။ နောင်တချိန် တခါမှာလည်း တွေ့သင့်တွေ့ထိုက်တဲ့လူတွေ အားလုံးနဲ့ တွေ့ဖို့ဆိုတာ ဒီနိုင်ငံမှာပဲဖြစ်ဖြစ်၊ အဲလိုအချိန်မျိုးဖြစ်အောင် လုပ်သွားဖို့ ကြိုးစားပါမယ်။ အဓိက ကျမပြောချင်တာက ကျမတို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေးတွေ ကောင်းမွန်အောင်လို့ ကျမအနေနဲ့ ကြိုးစားသွားချင်တယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃ ရက်နေ့ စတင်မယ့် ဥရောပခရီးစဉ်ကို ထပ်မံအတည်ပြုလိုက်ပြီး၊ ဒီခရီးစဉ်အတွင်း ဆွစ်ဇာလန်၊ နော်ဝေး၊ အင်္ဂလန်နဲ့  ပြင်သစ်တို့ကို သွားရောက်မယ့် အကြောင်း ကြေညာပါတယ်။

အသေးစိတ် အစီအစဉ်တွေကိုတော့ သေချာတဲ့အချိန်မှာ ထပ်ပြီး သတင်းထုတ်ပြန်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013