
အဲအေးရှားလေကြောင်းလိုင်း လေယာဉ်တစင်းပေါ်မှာ မနောသီချင်းနဲ့ ကခုန်ခဲ့ကြတဲ့ ထိုင်းလေယာဉ်မယ်လေးတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို တေးသံရှင်မနောက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။
လေယာဉ်ပေါ်မှာ သူကိုင်တိုင်လိုက်ပါလာခဲ့ချိန်မှာ ခုလိုကြုံခဲ့ရတာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။
“အဲဗျား ကြည့်ကြည့်အုန်း။ ကျနော့်သီချင်းလေးနဲ့ သူတို့ကနေတာဗျာ့။ ကျနော်လည်း ရောယောင်ပြီး ဘုမသိဘမသိလက်ခုပ်တီးပြီးပျော်ခဲ့ရတယ်ဗျို့။ Air Asia လေယာဉ်ပေါ်မှာပါ။ 😍😝😍 ထိုင်းမလေးတွေ ချောသလားလို့ဘော်ဒါတို့ရေ😍”
လေယာဉ်မယ်လေးတွေဟာ တူညီဝတ်စုံတွေနဲ့အတူ ပိတောက်ပန်းတွေ ပန်ထားခဲ့ကြကာ ခရီးသည်တွေကို မနောရဲ့ သနပ်ခါးလေးနဲ့ မောင့်ချစ်သူ သီချင်းနဲ့အတူ ကခုန်ပြီး ၀န်ဆောင်မှုပေး ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ကြရမှာပါ။
ခရီးသည်တွေဟာလည်း အံ့သြပျော်ရွှင်နေခဲ့ကြတာ မိုဘိုင်းဖုန်းတွေနဲ့ ဓာတ်ပုံတွေ ရိုက်တာတွေ၊ ရုပ်သံဗွီဒီယိုရိုက်ကူးတာတွေ လုပ်ခဲ့ကြတာကို ရှုမြင်ကြရမှာဖြစ်ပြီး လက်ရှိ မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ ၂ သိန်း ၉ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။











