
ဘင်္ဂလားဒေရှ့်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းကို လာရောက်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ကို နေရပ်စွန့်ခွာ ဘင်္ဂါလီတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဧပြီ ၁၁ ရက်ကမနက် ၁၁ နာရီလောက်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့အဖွဲ့ဝင် ၉ ဦးတို့ဟာ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မရှင်နာမင်းကြီး မိုဟာမက်အဘူခန်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ၁ နာရီကျော်လောက် တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ ၀န်ကြီးဒေါက်တာ ဦးဝင်းမြတ်အေးက မြန်မာနိုင်ငံမှာ နေထိုင်သူ ဖြစ်ကြောင်း သက်သေပြနိုင်သူတွေကိုသာ ပြန်လည်လက်ခံမှာဖြစ်တယ်၊ နေရပ်ပြန်လာသူတွေ ကို National Verification Card ထုတ်ပေးမှာဖြစ်ပြီး ဆေးရုံတက်ခွင့်နဲ့ သွားလာခွင့်ပေးမယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဘင်္ဂါလီတွေကတော့ ၀န်ကြီးရဲ့ ပြောဆိုချက်တွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်ဟာ သူတို့ ရဲ့ နိုင်ငံမဟုတ်ဘဲ အခုနေရာဟာ သူတို့မသက်ဆိုင်ကြောင်း မြန်မာနိုင်ငံသို့ ပြန်လိုပြီး နိုင်ငံသား အခွင့်အရေးရရှိလိုတယ်လို့ တင်ပြခဲ့ကြကြောင်း Dhaka Tribune သတင်းစာက ရေးသား ဖော်ပြပါတယ်။
မြန်မာဝန်ကြီးနဲ့အဖွဲ့ လာရောက်စဉ် ကူတူပါလောင်ဒုက္ခသယ်စခန်းရှေ့မှာ ဒုက္ခသည် ၂၅၀ လောက်က စုရုံးပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ အချက် ၁၃ ချက်ကို ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
တောင်းဆိုတဲ့အချက်တွေထဲမှာ ဌာနေဒေသသို့ အမြန်ဆုံးပြန်နိုင်ရေး၊ ကုလသမဂ္ဂ လုံခြုံရေးတပ် ဝင်ခွင့်ပြုရေး၊ ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေး၊ လူမျိုးသုဉ်းသတ်မှုတရားခံများအား ကမ္ဘာခုံရုံး သို့ပို့ဆောင်ရေး၊ တခြားတိုင်းရင်းသားများကဲ့သို့ တန်းတူအခွင့်အရေးရှိရေး၊ ဖမ်းချုပ်ခံ ရိုဟင်ဂျာများအား အမြန်ဆုံးလွှတ်ပေးရေး၊ နေရပ်ဌာနေ အိမ်ရာမြေသို့ ပြန်လည်နေရာချထားပေးရေး၊ ဆုံးရှုံးနှစ်နာမှုများအား လျှော်ကြေးရှိရေး စတာတွေ ပါဝင်ပါတယ်။
ဆန္ဒပြသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ အတွက် အခြေအနေထိန်းသိမ်းဖို့ ဆန္ဒပြသူတွေကို နံပတ်တုတ်အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။











