DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေဌာနချုပ်အနီး လက်နက်ကြီးကျပြီး ရွာသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
April 12, 2018
ကေအိုင်အေဌာနချုပ်အနီး လက်နက်ကြီးကျပြီး ရွာသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
Donate to DVB

 

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာအနီး အစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခိုက်မှုကြောင့် ငှက်ပျောခြံမှာအလုပ်လုပ်နေတဲ့ ရွာသား ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ ဧပြီ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ အစိုးရတပ်ဖက်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး လိုင်ဇာနဲ့  ၂မိုင်လောက် ဝေးတဲ့ လ၀န်ယန်ကျေးရွာက ငှက်ပျောခြံမှာ ကျရောက်ပေါက်ကွဲလို့ ရွာသားတွေကို ထိခိုက်ခဲ့တယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။

“လဝါယန်ဆိုတဲ့ရွာမှာ ရွာသူရွာသားတွေက ငှက်ပျော်ခြံ အလုပ်လုပ်တဲ့နေရာမှာ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ချလို့ ၂ ဦးက ဒဏ်ရာရသွားတာ၊ ၁ဦးက သေသွားတာ။  အဲဒီမှာ တိုက်ပွဲမဖြစ်ပါဘူး။ တပ်မတော်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ဘယ်နှစ်ကြိမ်လဲဆိုတာ ကျနော်တို့ မှတ်လို့မရဘူး။ လိုင်ဇာဌာနချုပ် အနီးအနားတ၀ိုက်မှာလည်း တော်တော်များများ ပစ်တယ်။”

ဒါ့အပြင် တခြားကေအိုင်အေတပ်စခန်းရှိတဲ့နေရာတွေကို တပ်မတော်က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်မှုတွေရှိသလို တချို့နေရာတွေမှာဆိုရင် ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ ရှိတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။

“တခြား ကေအိုင်အို၊ ကေအိုင်အေတွေရှိတဲ့ တပ်စခန်းတွေအားလုံးမှာ တော်တော်များများ အနှံ့မှာ ပစ်တာ။ ဥပမာ တပ်မဟာ ၃ ဘက်မှာ တော်တော်များများပစ်တယ်။ လိုင်ဇာဌာနချုပ် တ၀ိုက်မှာလည်း ပစ်တယ်။ ကျန်တဲ့ တပ်မဟာ ၂ ဌာနချုပ် တနိုင်းဘက်မှာလည်း သူတို့က လေယာဉ်ပျံနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ နောက် တပ်ရင်း ၁၈ ဖြစ်နေတဲ့ ကဆုန့်ဘက်မှာလည်း ပစ်တယ် ဆိုတော့ ကေအိုင်အို၊ ကေအိုင်အေရှိတဲ့နေရာအနှံ့အပြားမှာ သူတို့က တချိန်ထဲနဲ့ ပစ်တာ။”

ကချင်ဒေသရှိ ကေအိုင်အေ တပ်ရင်းဌာနချုပ်၊ တပ်မဟာဌာနချုပ်တွေကို အစိုးရစစ်တပ်က လက်နက်ကြီးတွေနဲ့  ဧပြီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီပတ်ဝန်းကျင်ကနေ ညနေ ၄ နာရီလောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒါဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို စစ်ကြေညာတာဖြစ်တယ်လို့  မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကချင်ဒေသအပါအဝင် မြန်မာပြည်မြောက်ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်ပြီး ယခုတကြိမ်တိုက်ပွဲတွေကြောင့်  တိုက်ပွဲဧရိယာဇုန်ပိုမိုကျယ်ပြန့် လာနိုင်တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013