
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ သမ္မတ ဦးဝင်းမြင့်က ညွန်ကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် သမ္မတဦးဝင်းမြင့်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ်တွေ့ဆုံ မှာကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် တည်ဆောက်ရာမှာ အဂတိတရားကင်းရှင်းမှုဟာ မရှိမဖြစ်လို အပ်တယ်၊ အဂတိတရား ကင်းရှင်းမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံတော်ဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်နေတယ်။ ဒါ့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေနဲ့ လုပ်ငန်းတာဝန်တွေကို တိတိကျကျမှန်မှန်ကန်ကန်နဲ့ ပိုမိုလုပ်ဆောင်စေလိုတယ်၊ အဂတိ လိုက်စားမှုတွေ လျော့ပါးသွားပါက ပြည်သူတွေအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်တာ ဖြစ်တယ်လို့ မှတ်ယူနိုင်တယ်လို့လည်း သမ္မတ ဦးဝင်းမြင့်ကပြောပါတယ်။
ကော်မရှင်အနေနဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့် အာဏာအရှိန်အ၀ါ ရှိသူတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ၊ စွပ်စွဲခံရသူဘက်က အကာအကွယ်ပေးမှုတွေရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဖို့လည်း ပြောပါတယ်။
ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြည်နယ်တိုင်းတွေမှာ တိုးချဲ့ဖွဲ့စည်းဖို့လည်း နိုင်ငံတော်သမ္မတက မှာကြားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကတော့ ကော်မရှင်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစီမံချက်တွေကို သမ္မတထံ ရှင်းလင်းတင်ပြတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြပါတယ်။
သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ သူ့ရဲ့ မတ်လ ၃၀ရက် ပထမဆုံးမိန့်ခွန်းမှာ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ပြီး အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဓာတ်ပုံ-သမ္မတရုံး











