DVB Logo
Home
Lead Story
သမ္မတသစ်နဲ့ အစိုးရအပေါ် ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
April 11, 2018
သမ္မတသစ်နဲ့ အစိုးရအပေါ် ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အန်အယ်လ်ဒီအစိုးရ သက်တမ်း ၂ နှစ်နဲ့ သမ္မသစ်အကြောင်းဖြစ်ပါတယ်။ ဆွေးနွေးမယ့်သူတွေကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနဲ့ The Myanmar Quarterly က ဦးအောင်သူငြိမ်းတို့ကို ဖိတ်ခေါ်ထားပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“မကြည်ပြာကို အရင်မေးပါရစေ။ အစိုးရသက်တမ်း ၂ နှစ်ရှိခဲ့ပြီ။ သမ္မတအသစ် တယောက် တက်တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကလည်း အဓိက သမ္မတအသစ်အကြောင်းနဲ့ ဆန်တင်ပို့မှုအကြောင်းကို အဓိကပြောသွားတယ်။ အစိုးရသက်တမ်း ၂ နှစ်မှာ ဘာတွေလုပ်နိုင်ခဲ့ပြီလဲ။ သမ္မတအသစ်နဲ့ ဘာတွေ မျှော်လင့်လို့ရလဲ စပြီးဆွေးနွေးပေးပါဦး။”

ဒေါ်ကြည်ပြာ (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

“သက်တမ်း ၂ နှစ်အတွင်းမှာ ကျမတို့ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကလည်း ကျမတို့ပါတီအပေါ် အများကြီးမြင့်ခဲ့တာ ရှိခဲ့တယ်။ ပြည်သူတွေ မျှော်မှန်းထားသလောက် မလုပ်နိုင်ခဲ့ပေမယ့် ကျမတို့ ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ လွှတ်တော်ဘက်ကို အရင်ဆုံးပြောချင်တယ်။ လွှတ်တော်ဘက်ဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်ဘက်က အဓိက နှစ်ချက်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများ ပြည်သူ့အသံ နားထောင်ပြီး ပြည်သူတွေအတွက် အင်တိုက်အားတိုက် အလုပ်လုပ်လာကြတာ တွေ့ရတယ်။ ခြွင်းချက်လေးတွေတော့ ရှိနိုင်တာပေါ့။ နောက်တဖက်ကကျတော့ ဘတ်ဂျက်တွေနဲ့ပတ်သက်ရင် ပြည်သူ့ဘဏ္ဍာကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်အောင်လို့ စနစ်တကျ လိုက်ပြီး စီမံသုံးသပ်နေကြတာတွေ ရှိတယ်။ အုပ်ချုပ်ရေးပိုင်းကျတော့ ကျမတို့မှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ လွှတ်တော်ဘက်က ပြောနေတာတွေ ရှိပေမယ့် အုပ်ချုပ်ရေးဘက်က ထင်သလောက် ရှေ့မရောက်ခဲ့တာတွေ၊ ကျမတို့ကိုယ်တိုင်ကပဲ တော်တော်လေး စိတ်ဓာတ်ကျခဲ့ရတာတွေ ရှိတယ်။ ဒါပေမယ့် လွှတ်တော်ဘက်ကလည်း တိုက်တွန်းတယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဘာက အဓိကပြဿနာရှိလဲဆိုတော့ ဝန်ကြီးဌာနတွေ လျှော့လိုက်တယ်။ ပထမပိုင်းမှာ ဒုဝန်ကြီးတွေ မထားထားဘူး။ နောက်ပိုင်းမှ တချို့ လိုတာလေးတွေမှာ ထားတယ်။ အဲဒီတော့ ဝန်ကြီးဌာနတခုက အောက်က ဦးစီးဌာနတခုဆိုရင် ၁၉ ခုအထိ ရှိတယ်ဆိုတော့ ဒီဦးစီးဌာနတွေနဲ့ ချိတ်တွဲလုပ်တဲ့အခါမှာ ပြည်သူက လက်တွေ့အုပ်ချုပ်ရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး ဆက်ဆံရတဲ့အခါမှာ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုမျိုးတွေ မတွေ့ရတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့အဖြေက အခု သမ္မတသစ်မှာ အများကြီး မူတည်နေလိမ့်မယ်လို့ ကျမက ယူဆတယ်။ ၂ နှစ်လုံးလုံးက သမ္မတသစ်သည် နဂို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်မှာ အများကြီးပဲ ထိန်းကျောင်းနိုင်ခဲ့တယ်။ ဝန်ကြီးတွေရဲ့ လိုအပ်ချက်၊ ဝန်ကြီးဌာနတွေရဲ့ လိုအပ်ချက်တွေကိုလည်း သူ အများကြီး သိခဲ့ရတာတွေ ရှိတယ်။ လွှတ်တော်မှာ ထိန်းကျောင်းခဲ့တဲ့ ပုံစံအတိုင်း သူဟာ အုပ်ချုပ်ရေးမဏ္ဍိုင်မှာလည်း တကယ့်ကို အင်တိုက်အားတိုက်နဲ့ ရှိနေတဲ့ ပြဿနာတွေရဲ့ အခြေခံအကြောင်းအရင်းတွေလည်း သူ သိနေတယ်ဆိုတော့ အဲဒီပုံစံအတိုင်း အင်တိုက်အားတိုက်နဲ့ အုပ်ချုပ်ရေးပိုင်းကို သူ ကွန်ထရိုးလုပ်သွားမယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အများကြီးပဲ အင်အားဖြစ်ပြီးတော့ ဘက်ညီပြီး လှုပ်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်လို့ရတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဒါကတော့ ၂ နှစ်အတွင်းမှာ လုပ်နိုင်တာလည်းရှိသလို တချို့ အားနည်းချက်တွေလည်း မကြည်ပြာက ပြောသွားပါတယ်။ သမ္မသစ်အနေနဲ့ အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်မလားဆိုတာ၊ ၂ နှစ်အတွင်း မြင်သာထင်သာ ဘာလုပ်နိုင်ခဲ့တယ်၊ သမ္မတအသစ်က ဘာတွေများ မျှော်လင့်လို့ရတယ်၊ ဘာတွေလုပ်နိုင်မလဲဆိုတာ သုတေသီတယောက်အနေနဲ့ ဦးအောင်သူငြိမ်း ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးအောင်သူငြိမ်း (The Myanmar Quarterly)

“အစိုးရသစ်တက်လာပြီးတော့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားသံက မကြားရသလောက် နည်ပါးသွားတဲ့ ပုံစံမျိုး တွေ့ပါတယ်။ Communication gap လို့ ခေါ်တဲ့ ဆက်ဆံရေး၊ ဆက်သွယ်ရေးကိစ္စတွေမှာ နည်းနည်းလစ်ဟာတယ်လို့ ထင်ပါတယ်။ သမ္မတနဲ့ ဝန်ကြီးအဖွဲ့တွေကြားထဲမှာ ဆက်ဆံရေးကိစ္စတွေ၊ အစိုးရအဖွဲ့နဲ့ ပြည်သူတွေကြားထဲ ပြန်ကြားရေးကိစ္စတွေ လစ်ဟာတာမျိုး ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ကာလမှာ ပြန်ကြည့်ရင် အစိုးရက ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေး လုပ်မယ်လို့လည်း ပြောထားတယ်။ အဲဒီအတွက်လည်း ကျနော်တို့ အမှတ်ပေးရမယ်ဆိုရင်တော့ အဖွဲ့အစည်းနှစ်ဖွဲ့ကို အန်စီအေ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးလာတာ။ ဒါ အစိုးရအတွက် အမှတ်ရမယ့်ကိစ္စလို့ ထင်ပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို လုပ်မယ်လို့ ရွေးကောက်ပွဲကာလမှာ ကတိပေးထားတယ်။ သမ္မတဦးထင်ကျော် မိန့်ခွန်းမှာလည်း ပါတယ်။ ဒီကိစ္စကတော့ ဘာမှလုပ်တာ မတွေ့ရသေးဘူးပေါ့။ သမ္မတသစ် တက်လာတော့ ကျနော်တို့အားလုံးလည်း မျှော်လင့်တယ်။ ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်တာပေါ့။ ကျနော် မြင်တာကတော့ သမ္မသစ်က လစ်ဟာနေတဲ့အချက်တွေကို အစိုးရနဲ့ ပြည်သူ ဆက်ဆံရေး၊ အစိုးရနဲ့ ဝန်ကြီးဌာနအချင်းချင်းကြား ဆက်ဆံရေး ဒီကိစ္စတွေကို ထိန်းကျောင်းနိုင်ရင်တော့ အများကြီး ကောင်းပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013