DVB Logo
Home
Lead Story
သင်္ကြန်ရေနှင့် စင်ကြယ်မသွားနိုင်သေးသည့် နိုင်ငံတော်၏အမှိုက်များ
DVB
·
April 11, 2018
သင်္ကြန်ရေနှင့် စင်ကြယ်မသွားနိုင်သေးသည့် နိုင်ငံတော်၏အမှိုက်များ
Donate to DVB

မကြာခင်အချိန်မှာပဲ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ၊ မြန်မာပြည်သူတို့ အများစု ကိုးကွယ်သော ဘာသာဓလေ့အရ သင်္ကြန်အခါတော်ကို ရောက်ရှိပါတော့မည်။ သင်္ကြန်ဆိုသော စကားလုံးမှာ သကန္တင်္- ပြောင်းလဲခြင်း၊ အညစ်အကြေးများကို ဆေးကြောခြင်းဆိုပြီး ပညာရှင်များက အနက်ဖွင့်ဆိုထားမှုကိုလည်း ဖတ်မှတ်ဖူးပါတယ်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းခြင်း၊ နှစ်ဟောင်းက စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေးများကို သီလစောင့်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများကို ခေါ်ဆိုခြင်း စသည်ဖြင့်လည်း မှတ်သားဖူးပါတယ်။

လောကသဘာဝအရလည်း ဆောင်းအကုန် နွေအကူးကာလက ရွက်ဟောင်းများ ကြွေလွင့်သွားခဲ့ပြီ။ သက်ရှိသက်မဲ့တို့၏ အသက်အရွယ်သည်လည်း မြန်မာသက္ကရာဇ် တနှစ်တိုးလာသည့်အတွက် သိသာသော အသက်အရွယ် တနှစ်တိုးခြင်းကို သိရှိခံစားကြရပါတယ်။ သို့သော် တဖက်တွင်လည်း တိုင်းပြည်နှင့်ချီသော ကိစ္စရပ်များတွင် တိုင်းပြည်၏ အညစ်အကြေးဟု ခေါ်ဆိုအပ်သော တရားဥပဒေမစိုးမိုးသည့် ဖြစ်ရပ်များ၊ လာဘ်စားမှုများ၊ ပြည်တွင်းစစ်ပွဲမှ နှစ်ဖက်စစ်သားများ သေဆုံးနေကြရမှု၊ တိုင်းရင်းသားဒေသများတွင် ဒုက္ခသည်စခန်းများ တိုးပွားလာမှု၊ သက်ငယ်မုဒိမ်းမှု စသည့် အမှိုက်၊ အညစ်အကြေးနှင့်တူသည့် ဖြစ်ရပ်များကို နှစ်သစ်သင်္ကြန်က ပြောင်းလဲသွားအောင် လုပ်နိုင်ပါရဲ့လား ဆိုသည်ကို တွေးမိပါတယ်။

ဒီမိုကရေစီအစိုးရ နှစ်ဆက်တိုင်အောင်ထိ ဖြေရှင်းရမယ့် ပြဿနာတခုလည်းဖြစ်၊ ခုထိလည်း မဖြေရှင်းနိုင်သေးသည့် ပြဿနာတရပ်မှာ မလေး၊ ထိုင်း စတဲ့နိုင်ငံတွေကို ခိုးဝင်ပြီး သွားနေရတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သား ပြဿနာ ဖြစ်ပါတယ်။ မိမိနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု၊ လုံလောက်သော စက်ရုံ၊ အလုပ်ရုံများ မရှိမှု စတဲ့ အကျိုးဆက်တွေကြောင့် ပညာတတ်သူတွေသာမက ပညာအခြေခံနည်းသူတွေပါ တိုင်းတပါးကိုသွားပြီး ရတဲ့နည်းနဲ့ သွားလာလုပ်ကိုင်နေကြရတာဟာ အစိုးရက ဘယ်လိုပဲ ကောင်းအောင်လုပ်နေသည်ဆိုဆို ခုထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးပါ။ အလုပ်ရှင်သူဌေးက ငွေမရှင်းပေးတဲ့အတွက် ဒုက္ခရောက်နေသူတွေ၊ လုပ်ငန်းခွင်ထဲမှာ လုံခြုံမှုမရှိဘဲ သေဆုံးသွားသူတွေ၊ ဗီဇာမရှိတဲ့အတွက် ဖမ်းဆီးခံရတဲ့သူတွေ၊ အိမ်ဖော်ကနေ ပြည့်တန်ဆာတပိုင်း လုပ်ကိုင်ပေးရတဲ့သူတွေရဲ့ လူမှုဒုက္ခတွေကို အချင်းချင်း ကူညီနေကြရတဲ့ စာတွေ၊ ဗွီဒီယိုဖိုင်တွေက အင်တာနက်၊ လူမှုကွန်ရက်တွေမှာ နေ့စဉ်ရက်ဆက်လို မြင်တွေ့နေရဆဲပါ။ ဧပြီလ ၄ ရက်နေ့က သတင်းတပုဒ်မှာဆိုရင် မြန်မာနိုင်ငံက လုပ်သား ၄၀ ကျော် မလေးရှားသို့ သွားဖို့အတွက် ထိုင်းကို ဝင်ရောက်လာတဲ့အခါ ထိုင်းရဲတွေက ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။ တပတ်အတွင်းမှာပဲ ထိုင်းရဲတွေဖမ်းတဲ့ မြန်မာလုပ်သား ၈၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြဿနာတွေဟာလည်း သင်္ကြန်ရေနှင့် ဆေးကြောလို့ မရနိုင်တဲ့ထဲက နိုင်ငံရဲ့ အမှိုက်တခု ဖြစ်ပါတယ်။

ဧပြီ ၄ ရက်နေ့က နေပြည်တော်ဝန်ကြီးဌာနရုံးမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။ ဒီစည်းဝေးပွဲမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူက လယ်ယာမြေနှင့် အခြား သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တိုင်ကြားစာစုစုပေါင်း ၆၀၀၀ ကျော်အနက် ဖြေရှင်းရန်ကျန်သည့် အမှုတွဲ ၅၆၀၀ ကျော် ကျန်ရှိနေသေးတဲ့အတွက် ပိုမိုအလေးထား ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒါကိုကြည့်လိုက်ရင် တိုင်ကြားစာ ၆၀၀၀ မှာ ၅၆၀၀ ကျန်နေသေးတာက ဖြေရှင်းနိုင်တဲ့ တိုင်ကြားစာအရေအတွက် ၄၀၀ ကျော်သာရှိပြီး ဘယ်အချိန်ပြီးမည်မှန်း ခန့်မှန်းလို့ မရသေးတဲ့ အနေအထားကို တွေ့နိုင်ပါတယ်။ ဘာကြောင့် ဒီလောက်ထိများပြားတဲ့ တိုင်ကြားစာပမာဏတွေ ဖြစ်သွားရတာလဲ။ ဒီလောက်များပြားတဲ့ ပမာဏတွေထဲကမှ ထက်ဝက်တောင်မဟုတ်ဘဲ ၅ ပုံ ၁ ပုံသာ ဖြေရှင်းနိုင်သေးတာဟာလည်း မြေယာကို အဓိကထားတဲ့ မြန်မာနိုင်ငံက လယ်သမားတွေအတွက် အထူးစိတ်ပျက်စရာ ကိစ္စရပ်တခုလို မြင်ပါတယ်။ ဒါတွေဟာလည်း နှစ်သစ်သင်္ကြန်ရေတွေ၊ နှစ်သစ်မိန့်ခွန်းတွေကြားမှာ စင်ကြယ်မသွားသေးဘဲ နိုင်ငံတော်ရဲ့ အမှိုက်အဖြစ် ကျန်နေသေးမယ့် ကိစ္စရပ်တခု ဖြစ်ပါတယ်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ဧပြီလအတွင်းက ထုတ်ပြန်ခဲ့တဲ့ သတင်းဖော်ပြချက် ဆိုရင်လည်း အလွန်တရာမှ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သုံးလတာအတွင်း ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှုက ၆၁ မှု ရှိနေတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ ပညာရည်နိမ့်ပါးမှု၊ နေရပ်စွန့်ခွာမှုတွေရဲ့ အကျိုးဆက်တွေထဲမှာ လူကုန်ကူးခံရမှုတွေ ပါဝင်တတ်ပါတယ်။ နောက်ပြီး တနှစ်ထက်တနှစ် တိုးပွားလာနေတဲ့ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှု စတဲ့ အမှိုက်တွေဟာ သင်္ကြန်ရေနှင့် ဆေးကြောလို့ စင်ကြယ်မသွားနိုင်တဲ့ အမှိုက်တွေ ဖြစ်ပါတယ်။

နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေသည့် ပြဿနာတခုကတော့ ယာဉ်တိုက်မှုပြဿနာပါ။ ဟိုင်းဝေးလမ်းမတွေဟာ အရင်ကထက် ပိုကောင်းသလို ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နေရာတိုင်းမှာ လမ်းပြပုလိပ် မထားရှိနိုင်မှု၊ CCTV တပ်ပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသူကို ထိရောက်စွာ အရေးယူမှု မရှိတဲ့အခါ လမ်းကောင်းကောင်းမှာ မဆင်မခြင် မောင်းရင်း နေ့စဉ်လိုလို ဟိုနေရာ၊ ဒီနေရာ မတော်တဆဖြစ်မှုတွေနှင့် သေဆုံးနေကြရပါတယ်။ နောက် ဒီနှစ်တနှစ်တည်းမှာပဲ မိုးရာသီတွင်းက တပ်မတော်လေယာဉ်တွေ ပျက်စီးခဲ့သလို မကြာသေးခင်အချိန်ကလည်း ပျက်ကျခဲ့ပါတယ်။ နည်းပညာကဏ္ဍ ဆုတ်ယုတ်ခဲ့မှု၊ သူများနိုင်ငံက ပစ္စည်းများကို ဝယ်ယူသုံးစွဲခဲ့ရမှု၊ မိမိနိုင်ငံမှ ပညာရှင်များကို ပြည်တွင်းမှာ မနေနိုင်အောင် နှင်ထုတ်ခဲ့မှုတို့အတွက် ဆိုးကျိုးခံစားလာရတဲ့ သိပ္ပံပညာရဲ့ အားနည်းချက်လို့ သုံးသပ်မိပါတယ်။ ဒါတွေဟာလည်း ရွှဲစိုအောင် လောင်းလိုက်ရုံနှင့် သစ်မသွားဘဲ ဟောင်းကျန်နေတဲ့ အမှိုက်တွေ ဖြစ်ပါတယ်။ အထူးစိတ်မကောင်းစရာ ဖြစ်ရပ်တခုကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့အလွန် ကားမီးလောင်မှုထဲမှ သေဆုံးသွားကြရရှာတဲ့ မြန်မာလုပ်သား ၂၀ ဦးရဲ့ ဖြစ်ရပ်ပါ။ မြန်မာအေဂျင်စီ Stars Pioneer ကုမ္ပဏီလီမိတက်မှတဆင့် နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) နှင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့သွားခဲ့တဲ့ မြန်မာလုပ်သား ၄၇ ဦး စီးလာတဲ့ မှန်လုံကားဟာ မတ်လ ၃၀ ရက်နေ့ မနက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဉ်မှာ မြန်မာအလုပ်သမားထဲမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါတွေဟာလည်း တိုင်းတပါးကို သွားရောက်လုပ်ကိုင်ဖို့သွားရင်း ကံမကောင်းခြင်း ဖြစ်သွားရတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါတွေကိုကြည့်လိုက်ရင်လည်း နိုင်ငံတော်မှာ ရှိနေတဲ့ အမှိုက်တွေဟာ နည်းမှမနည်းဘဲ။ ရေလောင်းရုံ၊ နှစ်သစ်ကူးရုံနှင့် ပျောက်ပြေမသွားမယ့် အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေပါ။

နောက် တကယ့်အမှိုက်ထုပ်တခုကတော့ ဘဂါင်္လီပြဿနာပါ။ ဧပြီ ၃ ရက်နေ့က နေပြည်တော်ရှိ Grand Amara Hotel တွင် ရွှေ့ပြောင်းအလုပ်သမားများ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများအား ဖြေကြားချက်တွေထဲမှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘဂါင်္လီများကိစ္စ ပါဝင်ခဲ့ပါတယ်။ ဝန်ကြီးပြောတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ (MoU) ရေးထိုးစဉ်က ပုံစံကွဲလွဲနေတဲ့အတွက် သူတို့ဘက်မှ ပေးပို့လာတဲ့ လူဦးရေ ၈၀၀၀ ကျော်ကို ပုံစံပြောင်းပြီး စစ်ဆေးခဲ့ရကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော လူဦးရေ ၈၀၀၀ ကျော်ကို စစ်ဆေးလိုက်တဲ့အခါ လူဦးရေ ၈၀၀ ကျော်သာ ပြန်လည်လက်ခံနိုင်ဖွယ် ရှိကြောင်းကို ဘင်္ဂလားဒေ့ရှက်ဘက်သို့ ပေးပို့ထားသော်လည်း ခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းမပြန်သေးကြောင်း ဖြေကြားထားတာ တွေ့ရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို အားကြိုးမာန်တက် လုပ်နေသော်လည်း မောင်တောဒေသမှာ ယခုရက်ပိုင်းထဲမှာပဲ မြိုလူမျိုးများ ဟင်းရှာသွားရင်း အသတ်ခံရတဲ့ သတင်းများက ထပ်တက်လာနေပါတယ်။

သင်္ကြန်ရေနှင့် မအေးနိုင်တော့သည့် အနောက်ဘက်တံခါး လုံခြုံရေးကိစ္စရပ်များ ဖြစ်ပါတယ်။ ဒါတွေဟာလည်း သင်္ကြန်ရေနှင့် ဆေးကြောလိုက်ရုံနှင့် စင်ကြယ်မသွားနိုင်သေးသည့် မြန်မာနိုင်ငံအစိုးရ တာဝန်ယူဖြေရှင်းရမယ့် ပြဿနာ အညစ်အကြေးတခု ဖြစ်ပါတယ်။

မြောက်ပိုင်းဒေသဟု ခေါ်ဆိုလေ့ရှိကြတဲ့ ကချင်ဘက်မှာလည်းပဲ ယခုလပိုင်းအတွင်းမှာပင် နှစ်ဖက် စစ်ရေးက မြင့်တက်လျက် ရှိနေပါတယ်။ ဒါတွေဟာလည်း နှစ်ဟောင်းရဲ့ ပြောင်းလဲသွားသည့် နှစ်သစ်ထဲမှာ အတာရေနှင့် ဆေးကြော၍မရနိုင်တဲ့ နှစ်ခြောက်ဆယ် အမှိုက်ထဲက တခုပါ။

ဒီတော့ ချုပ်ပြောရရင် နွေဦးမှာ ထလာသည့် လေရူး၊ ရွက်ဟောင်းများ နေရာတွင် အစားထိုးလာသည့် ရွက်သစ်များ စသည့် နွေရာသီ၏သင်္ကေတ။ အဟောင်းများ၊ အညစ်အကြေးများကို ဆေးကြောမည့် သင်္ကြန်ရေနှင့်အတူ နိုင်ငံတော်ရဲ့ အမှိုက်များကိုလည်း ဆေးကြောနိုင်စွမ်းရှိသူများက ဆထက်ထမ်းပိုး ဆေးကြောနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ကျော်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013