DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအုပ်ချုပ်ရေးစနစ် မပြောင်းသေးခြင်းကြောင့် မွန်ပြည်သူများ နစ်နာနေ
DVB
·
June 6, 2012
Donate to DVB

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက်  မြန်မာနိုင်ငံမှာ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေသစ် ပြဋ္ဌာန်းဆောင်ရွက်နေပေမယ့်  မွန်ပြည်နယ်ထဲက ကျေးရွာတချို့မှာ စစ်အစိုးရ လက်ထက်က ပုံစံအတိုင်း ဆက်အုပ်ချုပ်နေတဲ့အတွက်  လူထုတွေ ထိခိုက်နစ်နာနေရတယ်လို့ မွန်ပြည်နယ် လွှတ်တော် အမတ်တဦးက ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “အုပ်ချုပ်ရေးမှူးနဲ့ ပြဿနာတက်တာ အများဆုံးပဲ။ ခေတ်စနစ်ပြောင်းလဲသွားတာကို ပြောင်းလဲမှန်း မသိတဲ့ ဒီအုပ်ချုပ်ရေးမှူးတွေနဲ့ တကယ်လည်း ပြောင်းလဲမှုကိုမသိတဲ့ ပြည်သူတွေ ကြားထဲက ဆက်ဆံရေးကတော့ အရင်အတိုင်းပဲ၊ အုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ပြဋ္ဌာန်းထားတာ။ ဒီအပေါ်မှာ လုပ်သွားရင်တော့ ဘောင် လွတ်တာပေါ့။ အဲဒီလိုမှမဟုတ်ဘဲ အခွင့်ကောင်းယူပြီးတော့ မတရားဖိနှိပ်မှုတွေ လုပ်မယ် ဆိုရင်တော့ ပြည်သူတွေနဲ့တော့ အများကြီး အမြဲတမ်း ပြဿနာဖြစ်နေမှာပဲ။”

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ထဲက ကျေးရွာပေါင်း ၄၅ ရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကို  ဒေသခံတွေကိုယ်တိုင်  ဒီမိုကရေစီနည်းကျ  ရွေးချယ်တင်မြှောက်ခဲ့တဲ့ ကျေးရွာ  ၃ ရွာပဲရှိပြီး ကျန်တဲ့ ကျေးရွာ ၄၀ ကျော်မှာ စစ်အစိုးရ လက်ထက်ကအတိုင်း အာဏာပိုင်နဲ့ နီးစပ်သူ ဒါမှမဟုတ် ငွေကြေး တတ်နိုင်သူတွေသာ အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာနေကြတာပါ။

မွန်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေရဲ့ ဒုက္ခကို လမ်းကြောင်းမှန်မှန် မဖြေရှင်းပေးနိုင်တာတွေ ရှိနေကြောင်း၊ ပြီးခဲ့တဲ့အပတ် ဆိုင်ကယ်တိုက်မှုတခုမှာ အတိုက်ခံရသူက ဒဏ်ရာရတဲ့အပြင် ၀င်တိုက်သူကို ငွေပါပေးခဲ့ရကြောင်း  ချောင်းဆုံမြို့နယ်  မုဒွန်းရွာက ရွာသားတဦးက ခုလို ပြောပါတယ်။

“ဥက္ကဋ္ဌကိုယ်တိုင်ကလည်း တဖက်လူပြောစကားလောက်ပဲ အခု ဆုံးဖြတ်လိုက်တဲ့အခါကျတော့ ဒဏ်ရာများတဲ့လူတွေကျတော့ နစ်နာတာပေါ့။ သူလည်း ဆေးရုံတက်ရတယ်။ သူတို့က ပိုက်ဆံ ၁ သိန်းနဲ့ ၇ သောင်းခွဲတော့ ပေးလိုက်ရတယ်။ ဘာလို့လဲဆို သူတို့က အစက ၅ သိန်းတောင် တောင်းတယ်။ ဥက္ကဋ္ဌရဲ့ အားနည်းချက်တွေပါ။ ရွာကလူတွေက မကျေနပ်တာက အဲဒီလိုပေါ့။”

မြန်မာနိုင်ငံမှာ အခြေခံအကျဆုံး အုပ်ချုပ်ရေးဖြစ်တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က  အစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။

ဒီဥပဒေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသူတွေကို ကျေးရွာရပ်ကွက် အိမ်ထောင်ဦးစီးတွေ၊ ဆယ်အိမ်စု ကိုယ်စားလှယ်တွေက ဒီမိုကရေစီနည်း အရ  အများသဘောတူ လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားတာ လည်း ဖြစ်ပါတယ်။

ဒါပေမယ့်  ဒီဥပဒေကို လက်တွေ့ အကောင်အထည်မဖော်နိုင်သေးသရွေ့ ကျေးရွာတွေမှာ ပြဿနာတွေ ရှိနေဦးမှာဖြစ်ပြီး ဒေသခံတွေအနေနဲ့ မိမိယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်ကို နည်းစနစ် ကျကျ ရွေးချယ်တင်မြှောက်နိုင်ဖို့ ကွင်းဆင်းပြီး ရှင်းလင်းပြသပေးနေတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013