DVB Logo
Home
မြန်မာသတင်း
လစာတိုးပေးရေး အထည်ချုပ်စက်ရုံတခု ထပ်မံဆန္ဒပြ
DVB
·
June 6, 2012
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အရပ်ရှိ ပျဉ်းမပင် စက်မှုဇုန်ထဲက နဂါးတိုင်းပြည် (Dragon State) အထည်ချုပ်စက်ရုံမှာ အနိမ့်ဆုံးလစာ နှစ်သောင်း တိုးမြှင့်ရရှိရေးနဲ့ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ရေးတွေအတွက် ဒီမနက်ကစလို့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။

ရန်ကုန်စက်မှုဇုန်တွေမှာ လုပ်ခလစာတိုးမြှင့်ရရှိခဲ့သလို သူတို့စက်ရုံကလည်း တိုးပေးမယ်လို့ သိထားပြီးမှ မတိုးပေးတဲ့အတွက် စက်ရုံက အထည်ချုပ်စက်ရုံ လုပ်သား ၂၈၀၀ ခန့် ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။

အထည်ချုပ်သမတဦးက “စက်ရုံအသီးသီးက ၀န်ထမ်းတွေ လစာတိုးတယ်ဆိုတာ သမီးတို့ ၀န်ထမ်းတွေ အားလုံး သိထားတယ်။ သမီးတို့စက်ရုံက ၅ လပိုင်း လစာမှာ တိုးပေးမယ်လို့ သိထားရပြီးတော့ လစာလည်းထုတ်ရော သမီးတို့လစာကို တိုးမထားပါဘူး။ အဲဒီအတွက် အလုပ်သမားတွေက ပင်ပင်ပန်းပန်းလည်း လုပ်ရတယ်။ ကိုယ့်ရဲ့လုပ်အားခကို ပြည့်ပြည့်၀၀ မရတာက တကြောင်း၊ စက်ရုံကလူကြီးတွေက သားသမီးချင်း ကိုယ်ချင်းမစာ ဆဲဆိုတာတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ အဲဒါတွေကို စာရေးတင်ပါတယ်။ သူဌေးက လုံးဝကို ပြန် အကြောင်းမပြန်ပါဘူး” လို့ ပြောပါတယ်။

ဒီမနက်စက်ရုံမှာ ဘယ်သူမှ မဆင်းကြဘဲ အလုပ်သမားခေါင်းနဲ့ အလုပ်ကြီးကြပ်သူတွေကိုတော့ အထဲမှာ သိမ်းသွင်းထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားဆဲဖြစ်ပါတယ်။

ရက်ပျက်မရှိ ည ၈ နာရီ ၄၅ မိနစ်ကျမှ နေ့တိုင်းပြန်ရတဲ့ အထည်ချုပ်သမတဦးဟာ ပျမ်းမျှ ၇ သောင်းခွဲခန့်သာရတာကို အနိမ့်ဆုံး ကျပ် ၁ သိန်းခန့် ရရှိလိုကြတာဖြစ်ပါတယ်။

ဒီမနက် အလုပ်ရှင်ထံပေးပို့ခဲ့တဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဆန္ဒပြအမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“သမီးတို့တင်ထားတာက ၂ သောင်းထပ်တိုးပေးရမယ်လို့ တင်ထားတယ်။ နေ့တိုင်း ၆ နာရီ (ညနေ) ပြန်လွှတ်ပေးရမယ်။ သောက်ရေသုံးရေ လုံလုံလောက်လောက်ပေးရမယ်။ စူပါဗိုက်ဇာ၊ ဖိုမင်တွေ ကိုယ်ထိလက်ရောက်စော်ကားတာ ဆဲဆိုတာ လျော့နည်းပေးဖို့။ နောက်တခုက ကိုရီးယားဆရာမ ဆူတာဆဲတာ လျှော့ဖို့ပါ။ လစာထုတ်တဲ့နေ့တိုင်း ၄ နာရီပြန်လွတ်ဖို့။ တနင်္ဂနွေနေ့တိုင်းလည်း ပိတ်ပေးဖို့” လို့ ပြောပါတယ်။

အနည်းငယ်တတ်ကျွမ်းသူတွေဟာ ရက်မှန်၊ အချိန်ပိုအပြည့်ဆင်းသူဆိုရင် ၇ သောင်းခွဲခန့်ရပေမယ့် လစာနိမ့်တဲ့သူတွေက ကျပ်ငွေ ၆ သောင်းခန့် ရရှိပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံလစာနှုန်းထားဟာ ကျပ်ငွေ ၁ သောင်းကျော်လောက် သာ ပေးထားတာကြောင့် ရက်မှန်ခ၊ အချိန်ပိုနာရီဆင်းခ စတာတွေအပေါ် အလွန်အမင်း မှီခိုနေကြရတာ ဖြစ်ပါတယ်။

မနေ့ကတည်းက သူတို့တတွေ ဆန္ဒပြမယ်ဆိုတာကို စက်ရုံမှူးက သိရှိသွားပြီး ဆူပါဗိုက်ဇာတွေက တဆင့် လာမယ့် ၆ လပိုင်းကျရင် လစာ ၇ ထောင်ကျပ် တိုးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပို နာရီ ၁၀၀ မပြည့်သူတွေကိုတော့ မတိုးပေးဘူးလို့ဆိုတာကြောင့် ဒီနေ့ ဆန္ဒပြကြတာ ဖြစ်ပါ တယ်။

ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေထဲက အထည်ချုပ်နဲ့ ဖိနပ်စက်ရုံ၊ ဦးထုပ်စက်ရုံတွေက ဆန္ဒပြပွဲတွေဖြစ်ပွားနေတာ သီတင်းပတ်နဲ့ချီ ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အလုပ်သမား ၀န်ကြီး အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၄ ဦးဟာ စက်မှုဇုန်တွေက လုပ်သားတွေ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်နိုင်ရေး ကိစ္စကို ကွင်းဆင်း ဆောင်ရွက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013