DVB Logo
Home
မြန်မာသတင်း
မြန်မာဆီကသင်ယူရန် မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘက်တိုက်တွန်း
DVB
·
June 6, 2012
မြန်မာဆီကသင်ယူရန် မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘက်တိုက်တွန်း
Donate to DVB

မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို သင်ယူပြီး အထီးကျန်နိုင်ငံ အဖြစ်ကနေ အဆုံးသတ်ဖို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၁၉၅၀ ပြည့်လွန် နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးသူတွေအတွက် ဒီနေ့ ကျင်းပတဲ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ သမ္မတ လီမြောင်ဘက် က ပြောကြားခဲ့တာလို့ တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတကြွယ်ဝပြီး နိုင်ငံပိုင်နက် အကျယ်ကြီး ရှိပေမယ့် အရင်က မြောက်ကိုရီးယားလို တံခါးပိတ် ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ နိုင်ငံတကာမှာ အထီးကျန်နေခဲ့မှုကြောင့်  တဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀ ပဲရှိတဲ့အကြောင်း၊ ဒါပေမယ့် ကမ္ဘာ့အပယ်ခံအဖြစ် အချိန်အကြာကြီးနေခဲ့ရာက နိုင်ငံတကာ အသိုင်းအ၀န်းဆီ တဖြည်းဖြည်း ၀င်လာနေပြီဖြစ်တဲ့ အကြောင်း၊ မြောက်ကိုရီးယား အနေနဲ့ မြန်မာရဲ့ခြေလှမ်းအတိုင်း လိုက်ပြီး ဒီမိုကရေစီရေးပြုပြင် ပြောင်းလဲခြင်းအားဖြင့် ပြင်ပကမ္ဘာကို ဖွင့်ပေးဖို့ တောင်ကိုရီးယား သမ္မတက တိုက်တွန်းလိုက်တာပါ။

ဒါ့ပြင် သမ္မတလီမြောက်ဘက်က လွတ်လပ်မှုနဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ တကမ္ဘာလုံးကို တိုက်ခတ်လာတဲ့ လေဟာ အရှေ့ဥရောပမှာ စတင်ပြီး မြောက် အာဖရိကကို ဖြတ်တိုက်သွားကာ ခုဆို အာရှကို တိုက်ခတ်ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊ ဒီလိုသမိုင်းရဲ့လမ်းကြောင်းကို ဘယ်သူမှ ဆန့်ကျင်ရပ်တန့်ပြီး မတွန်းလှန် မပယ်ရှားနိုင်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတ လီမြောင်ဘက်ဟာ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး တောင်ကိုရီးယားခေါင်းဆောင်တဦးအဖြစ် ပြီးခဲ့တဲ့လက  သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရော၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013