DVB Logo
Home
မြန်မာသတင်း
တပြည်လုံး ငြိမ်းချမ်းရေး စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
April 10, 2018
တပြည်လုံး ငြိမ်းချမ်းရေး စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
1 / 4
Donate to DVB

တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့အတွက်  စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းလုပ်ဆောင်မှ အောင်မြင်မယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်က  ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ကို ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့ ၇ ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပရာမှာ ထည့်သွင်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်အသီးသီးက အမျိုးသမီး ၃ ဦး၊ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၈ဦးနဲ့  အတူစကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ငြိမ်းချမ်းရေး ဘာကြောင့် မရသေးတာလဲ စဉ်းစားဖို့ကြဖို့နဲ့ ငြိမ်းချမ်းရေးအတွက် စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောသွားပါတယ်။

“တတိုင်းပြည်လုံးအတွက် ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ ဒီလိုဆွေးနွေးပွဲတွေလုပ်တဲ့အခါကျရင် ကျမကနေပြီးတော့ ကျမတို့ နိုင်ငံဟာ ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရသေးလဲဆိုတာကို တယောက်ချင်း တယောက်ချင်းက လေးလေးနက်နက် စဉ်းစားစေချင်တယ်။ နောက် ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ။ တနေရာနဲ့ တနေရာ မတူဘူး။ ပြဿနာတခုနဲ့တခု မတူဘူး။ လူတယောက်ချင်း တယောက်ချင်းမှ မတူတာ လူတယောက်ချင်း တယောက်ချင်း မတူဘူးဆိုတော့ ပုဂ္ဂိုလ်တယောက်ချင်း တယောက်ချင်းကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လာအောင်လို့ ဆွဲဆောင်ရတာ စည်းရုံးရတာဆိုတာလည်း ပုံစံက တယောက်နဲ့ တယောက် တူနိုင်တာမဟုတ်ဘူး။ ကျမတို့ ဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့ လုပ်မှ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တခဏတော့ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး မရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီး အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ဘူး။

ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးစိုးလှိုင်ဦး၊ ပညာရေးဝန်ထမ်း ဦးအောင်မြင့်မြတ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ဒေါ်ဖြိုးအိကြိုင်၊ တောင်သူ ဦးအောင်ကြည်မြင့်၊ ရေလုပ်ငန်းရှင် ဒေါ်ပြုံးပြုံးအေး၊ ကဏန်းမွေးမြူရောင်းဝယ်ရေးက ဦးဇော်တင်မိုး၊ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးဝင်းနိုင်နဲ့ Eskala ဟိုတယ်က စာရင်းကိုင် ကြီးကြပ်ရေးမှူး ဒေါ်နမ့်ရီစိုင်းနာတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ဦးစိုးလှိုင်ဦးက တိုင်းပြည်ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စေတနာကောင်းဖို့ စေတနာမှန်ဖို့ အဓိက လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။

ဒေါ်နမ့်ရီစိုင်းနာကတော့ “နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းမှာ ပြည်သူတွေဘဝ ငြိမ်းချမ်းမှာပါ။ တိုးတက်မှာပါ။ ငြိမ်းချမ်းမှ ကျမတို့ ပညာရေးတွေ၊ ကျန်းမာရေးတွေ ကျမတို့ရဲ့ စီးပွားရေး အစစအရာရာ တိုးတက်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျမအနေနဲ့ ငြိမ်းချမ်းရေးကို အဓိက လိုအပ်တယ်လို့ ထင်မြင်မိပါတယ်”လို့ပြောပါတယ်။

စားသောက်ဆိုင်လုပ်ငန်းရှင် ဦးဝင်းနိုင်ကတော့ ငြိမ်းချမ်းရေးမရလို့ နိုင်ငံ မတိုးတက်တာ ဖြစ်ပြီး ငြိမ်းချမ်းရေးမရရင်တော့ တိုးတက်ဖို့ဆိုတာ လမ်းမမြင်ဘူးလို့ ပြောပါတယ်။

ရေလုပ်ငန်းရှင် ဒေါ်ပြုံးပြုံးအေးကတော့ “ဘာဖြစ်လို့ ငြိမ်းချမ်းရေးမရလဲဆိုရင် သမိုင်း အခြေခံကတော့ လူတွေရဲ့ ရင်ထဲမှာရှိနေတဲ့ နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုဆိုတဲ့ ဗြဟ္မစိုရ်တရားတွေကို တဦးနဲ့တဦး အလေးအနက် အပြန်အလှန်၊ အဖွဲ့အစည်းတခုနဲ့တခု တယောက်နဲ့ တယောက် အပြန်အလှန် မထားကြတာကြောင့်လို့ ယူဆပါတယ်”လို့ စကားဝိုင်းမှာ ပြောပါတယ်။

ဦးဇော်တင်မိုးက “ကျနော်တို့ ခံစားခဲ့ရတဲ့ မငြိမ်းချမ်းတဲ့ကိစ္စတွေဆိုတာကြုံခဲ့ဖူးပါတယ်။ ကျနော်တို့ ကျောင်းသားဘ၀တွေမှာ ကျနော်တို့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖြစ်ခဲ့တဲ့ ကရင်သောင်းကျန်းသူ အရေးအခင်းထဲမှာ ကျနော်တို့တွေ ကျောင်းသားဘဝမှာ ကြုံခဲ့ဖူးကြပါ တယ်။ အခိုက်အတန့်လေး ကြုံခဲ့ရတဲ့အချိန်မှာတောင် ကျနော်တို့တွေ မခံစားနိုင်ပါဘူး။ အခုလို နှစ်ရှည်အကြာကြီး ပြည်နယ်တွေမှာ မငြိမ်းချမ်းမှုတွေ ဖြစ်နေကြတာ ဒီဒေသတွေမှာ ခံစားရတဲ့ လူတွေအတွက်ကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မယ်ဆိုရင် ဘယ်လိုမှ ကျနော့်စိတ်ထဲမှာ ဖြေသာဖို့ မရှိပါဘူး”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြောင်းမြမြို့မှာ မကြာသေးခင်ကမှ ပြတ်ကျသွားခဲ့တဲ့ မြောင်းမြကြိုး တံတားနေရာကိုသွားရောက်ခဲ့သလို  တံတားပြတ်ကျရာမှာ သေဆုံးခဲ့သူ ၂ ဦးရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ နှစ်သိမ့်အားပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြောင်းမြမြို့မှာ  မိခင်ဒေါ်ခင်ကြည် လှူဒါန်းခဲ့တဲ ဇေယျမဒနိ ဘုန်းကြီးကျောင်းတိုက်ကိုလည်း သွားရောက်ပြီး သံဃာတော်တွေကို သင်္ကန်းကပ်လှူခဲ့သလို ဗောဓိပင်မှာ ရေသပ္ပာယ်တာတွေလည်း  ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013