DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲ ဘက်စုံစစ်ပွဲအသွင်ပြောင်း၊ အရပ်သားထိခိုက်မှုပိုမြင့်တက်နိုင်ဟု  ISP-Myanmar သုံးသပ်
DVB
·
October 6, 2026
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား ဖြစ်နေကြတဲ့ တိုက်ပွဲ တွေဟာ ဘက်စုံစစ်ပွဲ (Total War) အသွင်ပြောင်းလာနေပြီး တခြားဒေသက တိုက်ပွဲတွေထက် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar) က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်စစ်မျက်နှာဟာ စစ်အာဏာရှင်အတွက် ဂုဏ်သိက္ခာဏာနဲ့ မဟာဗျူဟာမြောက် အရေးကြီး နေတာကြောင့် ULA/AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေအားလုံး ပြန်လည်ရရှိနိုင်ဖို့ ဒါမှမဟုတ် အစိတ်အပိုင်းအချို့ကို ပြန်လည်ရရှိနိုင်ဖို့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက် နေတာလို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့‌နေရာတွေကို ခြေလျင်စစ်သည် အင်အား ၂,၀၀၀ ဝန်းကျင် အသုံးပြုပြီး လမ်းကြောင်းပေါင်းစုံကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ စစ်မျက်နှာ၊ ပဲခူးတိုင်း ပန်းတောင်းစစ်မျက်နှာ၊ မကွေးတိုင်း မင်းတုန်းနဲ့ ဆော စစ်မျက်နှာ၊ ဧရာဝတီတိုင်း ရေကြည်နဲ့ လေးမျက်နှာတို့မှာ တိုက်ပွဲ တွေ ပြင်းထန်နေကြပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကတည်းက ရခိုင်စစ်မျက်နှာအတွက် ပြင်ဆင်နေခဲ့တာ ဖြစ်ပြီး ကမ်းရိုးတန်းတလျှောက်မှာလည်း စစ်ရေယာဉ်တွေ တိုးမြှင့်ချထားခဲ့ကာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သလို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှာ လေကြောင်း တိုက်ခိုက်ပြီး လူအင်အားဖြည့်တင်းတာကို ဆက်တိုက်လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။

အင်အားဖြည့်တင်းရာမှာ တပ်မ-၆၆၊ တပ်မ-၁၀၁၊ စကခ-၁၇ နဲ့ စကခ-၂၀ စတဲ့ တပ်မ ၄ ခုက ထုတ်နုတ်အင်အားတွေနဲ့ ဧရာဝတီတိုင်း မကျီးဇင်နဲ့ ဘောမိ၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ် ကပစ-၁၆၊ မကွေးတိုင်း သရက်ခရိုင် ကပစ-၁၂ နဲ့ ကျောက်ဖြူ၊ စစ်တွေ စစ်မျက်နှာတို့ကို အင်အားဖြည့်တင်း ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်တိုက်ပွဲမှာ AA သိမ်ပိုက်ခဲ့တဲ့ စကခ-၉၊ စကခ-၁၅ တို့က စစ်တွေနဲ့ ကျောက်ဖြူတို့မှာ ရွှေ့ပြောင်းတပ်စိုက်နေရတဲ့ အင်အားလည်း ၂,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲကလည်း ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ် တို့ကို ကမ်းတက်စစ်ဆင်ရေး ကြိုးပမ်းခဲ့သေးသလို၊ ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် မြို့နယ်ဘက်ကလည်း အင်အား ၁,၀၀၀ ဝန်းကျင်သုံးပြီး ဇွန်နဲ့ ဇူလလိုင်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ အကျအဆုံးတွေနဲ့ ထိုးစစ်အရှိန် ကျခဲ့ရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့ကစပြီး စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှာ စစ်ကြောင်း ၃ ကြောင်း၊ ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး စစ်ကြောင်းတကြောင်း၊ ဧရာဝတီ၊ ပဲခူနဲ့ မကွေးတို့က စစ်ကြောင်းတကြောင်းစီနဲ့ စစ်ကြောင်း ၇ ကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ISP-Myanmar က သုံးသပ်ထားပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို အာရက္ခတပ်တော်ဘက်က မဆုတ်တမ်း ခံစစ်ဆင် တိုက်ခိုက်ခဲ့သလို တချို့နေရာတွေမှာ လျှပ်တပြက်တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဘက်စလုံးက FPV ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကာ ရခိုင်ပြည်နယ်တွင်း နှစ်ဖက်တိုက်ပွဲတွေဟာ ဘက်စုံစစ်ပွဲသဏ္ဌာန် ပြင်းထန်တဲ့ မဟာဗျူဟာမြောက်စစ်ပွဲအသွင် ဆောင်လာခဲ့ပါတယ်။

ဒီလို တိုက်ပွဲအသွင်သဏ္ဌာန် ပြောင်းလာတာက တခြားဒေသက ပြောက်ကျားစစ်ပွဲတွေနဲ့ ကွဲပြား လို့လည်း ဆိုထားပါတယ်။

အာရက္ခတပ်တော်ဘက်က မြို့သိမ်း၊ စခန်းသိမ်းနဲ့ မြေပြင်ထိန်းချုပ်ရေး နေရာယူစစ်ပွဲပုံစံ ဖော်ဆောင်ပြီးတော့ စစ်အာဏာရှင်တပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးနဲ့အတူ လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူထိန်းချုပ်နိုင်ရေးအတွက် ပိတ်ဆို့တိုက်ခိုက် တဲ့ စစ်ပွဲပုံစံမျိုး လုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ဒီလိုထိုးစစ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မာနယ်ပလော ဌာနချုပ်ကို သိမ်းယူတာနဲ့ ကိုးကန့်တပ် (MNDAA) အပေါ် ၂၀၁၅ ခုနှစ်က ဆင်နွှဲတဲ့ လောက်ကိုင် စစ်ပွဲမှာ တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ်တွင်း နှစ်ဖက်တိုက်ပွဲတွေဟာ ဘက်စုံစစ်ပွဲ အသွင်ဆောင်လာနေတာကြောင့် စစ်မြေပြင်မှာ စစ်ရေးပစ်မှတ်ကို ခွဲခြားသတ်မှတ်တာမရှိဘဲ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက် တဲ့အတွက် အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေရော နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ပါ မြင့်တက်လာမယ်လို့လည်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ မြေပြင်ထိုးစစ်တွေ အထမမြောက်တဲ့အခါ ပြည်သူတွေကို ဗုံးကြဲသတ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးလာနေတယ်လို့ ရခိုင်စစ်ရေး အကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။

“ဘက်စုံစစ်ပွဲဆိုတာ နိုင်ငံအဆင့်တိုက်ကြတဲ့ စစ်ပွဲတွေဗျာ။ အခု ရခိုင်သို့ စစ်တပ်ရဲ့ထိုးစစ်တွေ အထမမြောက်ဘဲ စစ်ဦးကျိုးခဲ့တာကြောင့် ဈေးတွေ၊ စစ်ရှောင်စခန်းတွေနဲ့ မြို့၊ရွာတွေကို ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သားတွေကို ဆက်တိုက်သတ်ဖြတ်လာနေတာလည်း ရှိနေတယ်။ အဓိက စစ်ရေးအရ မတိုက်နိုင်လို ပြည်သူတွေကိုသတ်ပြီး စစ်ရေးအရ ဖိအားပေးဖို့ ကြိုးပမ်းလာနေတာ။ စစ်တပ်ရဲ့ထိုးစစ်တွေက ဆက်တိုက်ရှိလာနိုင်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အထူးသတိထား ကြရပါမယ်”

စစ်အာဏာရှင်ရဲ့ ၄၉၂၆ စစ်ဆင်ရေး စစ်ဦးကျိုးခဲ့ပြီနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က အိန္ဒိယဈေး၊ ပုဏ္ဏားကျွန်းမြို့နယ်က ဗျာလစစ်ရှောင်စခန်းနဲ့ ပန်းနီလာ စစ်ရှောင်စခန်းအပါဝင် မြို့ရွာတွေကို နေတိုင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက်သူနဲ့ သေဆုံးသူဟာလည်း တပတ် အတွင်း ရာနဲ့ချီ ရှိလာနေပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013