DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်သည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့်မပတ်သက်
DVB
·
June 6, 2012
သမ္မတ ဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်သည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့်မပတ်သက်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းနိုင်ငံခရီးစဉ် ပျက်သွားတဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ ၁ ပတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်မှု မရှိတဲ့အကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကို ကိုးကားပြီးဘန်ကောက်ပို့စ်သတင်း မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့  အရှေ့အာရှရေးရာ ကမ္ဘာ့ စီးပွားရေးဆွေးနွေးပွဲကို သမ္မတဦးသိန်းစိန် မတက်ရောက်ခဲ့တဲ့နောက် မြန်မာခေါင်းဆောင် နှစ်ဦးရဲ့ ဆက်ဆံရေးကနေ ထိုင်း-မြန်မာ ဆက်ဆံရေးအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံဆက်ဆံရေးအတွက် စိုးရိမ်တဲ့ အကြောင်း ထိုင်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုတဲ့နောက်မှာ နှစ်နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ စကားပြောခဲ့တဲ့အခါ မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက စိုးရိမ်စရာမရှိတဲ့ အကြောင်း ရှင်းပြခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သမ္မတ ဦးသိန်းစိန်ရဲ့  ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ကို မတက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မပတ်သက်တဲ့ အကြောင်း ဖြေရှင်းခဲ့တယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်က ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံးဖြစ်အောင် လက်ခံတာ ကို မြန်မာအစိုးရက နားလည်တဲ့အကြောင်း ပြောခဲ့တယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဖိတ်ကြားတဲ့ ဧည့်သည်တော် အဖြစ် တက်ရောက်တာဖြစ်ပြီး ဒီဖိတ်ကြားချက်နဲ့ အစီအစဉ်တွေ ကို မြန်မာဘက်ကို ကြိုတင် အသိပေးခဲ့သလို၊ မြန်မာဘက်ကလည်း အရင်ကတည်းက ကန့်ကွက်တာမျိုး မရှိခဲ့ဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ထိုင်း အစိုးရဘက်ကလည်း ထိုင်းနိုင်ငံမှာ ရှိနေစဉ် ဒေါ်အောင်ဆန်စုကြည် အနေနဲ့  နိုင်ငံရေးကိစ္စတွေကို မလုပ်ဖို့ ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိကတဆင့် တောင်းဆိုခဲ့တာကို သူက ရှင်းပြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ ဒုက္ခသည်ကိစ္စလောက်ကိုပဲ ပြောဆိုတာမျိုးကို ခွင့်ပြုခဲ့ပြီး၊ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကိစ္စ၊ တက်ခ်ခရိုင်က မယ်လဒုက္ခသည်စခန်းကို သွားတဲ့အချိန်မှာလည်း နိုင်ငံရေး မိန့်ခွန်းပြောတာမျိုးကိုလည်း ထိုင်းက ခွင့်မပြုခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

၆ ရက်တာ ထိုင်းခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ  စီးပွားရေး ဖိုရမ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့သလို၊ ထိုင်းဒုဝန်ကြီးချုပ်ကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ် ရွှွှွှေ့ဆိုင်းထားတာနဲ့ပတ်သက်လို့ သမ္မတရုံးရဲ့ ဇွန် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ `ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အား အကြောင်းမညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်း စီစဉ်သွားမည်´ လို့ ဖော်ပြခဲ့ပါတယ်။

အစိုးရ အာဘော်တွေကို ထင်ဟပ်လေ့ရှိတဲ့  နိုင်ငံပိုင် သတင်းစာတွေမှာ အင်္ဂါနေ့က ဖော်ပြထားတဲ့ ဆောင်းပါးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်ကို အကြောင်းပြုလို့ မြန်မာခေါင်းဆောင်နှစ်ဦးရဲ့ ဆက်ဆံရေးထိခိုက်မှာကို စိုးရိမ်မိတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ အနာဂတ်အတွက် နားလည်မှု၊ ယုံကြည်မှုခိုင်မာစွာနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘန်ကောက်စီးပွားရေးဖိုရမ်မှာပြောတဲ့ မိန့်ခွန်းတွေကို ချီးကျူးထားသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့မှာ နိုင်ငံ့အရေးနဲ့ပတ်သက်လို့ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ပုံကိုင်ပုံတွေ တော်တော်များများ တူညီနေတယ်လို့ သုံးသပ်ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013