DVB Logo
Home
Lead Story
ရင်သားအဆမတန်ကြီးမားသည့် ဝေဒနာရှင် ရှမ်းမိန်းကလေး၏ မိခင်နှင့် မေးမြန်းချက်
DVB
·
April 10, 2018
ရင်သားအဆမတန်ကြီးမားသည့် ဝေဒနာရှင် ရှမ်းမိန်းကလေး၏ မိခင်နှင့် မေးမြန်းချက်
Donate to DVB

ရှမ်းပြည်နယ် သီပေါမြို့က ဓာတ်ပုံဆရာ စိုင်းခွန်မျိုးဆိုသူဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရှမ်းပြည်မြောက်ပိုင်းမှာ ရှုခင်းအလှတွေ လိုက်ရိုက်ရင်း မိုင်းရယ်မြို့ မိုင်းဟဲင်းကျေးရွာမှာ ရင်သားအဆမတန်ကြီးမားတဲ့ ဝေဒနာ ခံစားရသူ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို တွေ့လို့ ဓာတ်ပုံရိုက်ယူပြီး ခွဲစိတ်ကုသနိုင်ရေးအတွက် ပရဟိတအဖွဲ့နဲ့ သီပေါဆေးရုံကြီးကို ဆက်သွယ်ကူညီပေးခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့မှာတော့ သီပေါဆေးရုံကြီးက ဆေးရုံအုပ်ကြီးနဲ့ ခွဲစိတ်ကုဆရာဝန်တွေ၊ ဆရာဝန် ဆရာမတွေနဲ့ တာဝန်ကျဝန်ထမ်းတွေက နန်းဆိုင်လူကို အောင်အောင်မြင်မြင် ကြိုးစား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြပါတယ်။

နန်းဆိုင်လူရဲ့ မိသားစုဘဝအကြောင်း တစေ့တစောင်းနဲ့ ပတ်သက်ပြီး ဆေးရုံမှာ လာရောက်စောင့်ဆိုင်း ပြုစုနေတဲ့ မိခင်ဖြစ်သူ ဒေါ်နန်းယိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး  - အဒေါ်တို့က ဘယ်ရွာကလဲ၊ အလုပ်အကိုင်က ဘာတွေလုပ်သလဲ။

ဖြေ - မိုင်းဟဲင်းရွာကပါ၊ လယ်ယာလုပ်ငန်းပဲ လုပ်ပါတယ်။

မေး - သမီးလေး  ဘာကြောင့် အခုလို ရင်သားတွေ အဆမတန် ကြီးလာရတာကို ပြောပြပေးပါလား၊ ဖြစ်တာ ကြာပြီလား၊ ဘယ်အချိန်ကတည်းက စဖြစ်တာလဲ။

ဖြေ - သူ့ရင်က တခါတည်းကြီးတာတော့ မဟုတ်ဘူး၊ တဖြည်းဖြည်း နည်းနည်းချင်းစီ ကြီးလာတာ၊ တနှစ်ကျော် နှစ်နှစ်လောက်ရှိပြီထင်တယ်။

မေး - ဒီလိုကြီးလာတော့ သူ ဘယ်လိုဝေဒနာတွေ ခံစားရလဲ။ ဆေးကုတာတွေရော မလုပ်ဘူးလား။

ဖြေ - နာတော့ မနာဘူးတဲ့၊ ဒါပေမယ့် တအားကြီးလာတော့ လန့်တာပေါ့၊ ဆေးကုဖို့က ပိုက်ဆံမှမရှိဘဲ၊ ရွာမှာ ဆေးခန်းလည်းမရှိဘူး။ ရွာမှာ နေမကောင်းရင် မိုင်းရယ်ဆေးရုံသွားတယ်။ လမ်းလျှောက်သွားရင် တနေကုန်ကြာတယ်၊ အခုတော့ ကားနဲ့သွားတာပေါ့။

မေး - အဒေါ်တို့ မိုင်းရယ်ဆေးရုံကို မသွားဘူးလား။ အဲဒီက ရွာသူကြီးတွေကရော ဘာမှအကြံမပေးဘူးလား။

ဖြေ - ပိုက်ဆံမရှိလို့ မသွားဘူး။ သမီးက ဒီလိုဖြစ်ကတည်းက ရှက်ပြီး အိမ်ထဲက အိမ်ပြင် မထွက်လို့ သူ ဒီလိုဖြစ်နေတာကို ဘယ်သူမှ သိပ်မသိပါဘူးရှင့်။ ရွာသူကြီးတွေလည်း မသိလောက်ပါဘူး။

မေး - သမီးက ကျောင်းမသွားရဘူးလား။ ကျောင်းမတက်ဘူးလား။  

ဖြေ - ကျမတို့ရွာမှာ စာသင်ကျောင်းမရှိဘူး။ တခြားမှာ သွားသင်ရတယ်။ သူများဆီသွားရင် ပိုက်ဆံလိုတယ်လေ၊ ကျောင်းမထားနိုင်ဘူး။ အရင်ကတော့ သူက ခြံအလုပ်တွေ ကူလုပ်တာပေါ့။ အခု အဲလိုဖြစ်တော့ အိမ်ပြင်မထွက်ရဲဘူးလေ။

မေး - သူ့အဖေကရော။

ဖြေ - သူတို့အဖေလည်း ဘာအလုပ်မှ မယ်မယ်ရရ မရှိပါဘူး။

မေး - အဒေါ်တို့မိသားစုမှာ အားလုံး ကလေးဘယ်နှစ်ယောက်ရှိလဲ။

ဖြေ - ကလေး ၄ ယောက်၊ နန်းဆိုင်လူက တတိယသမီး၊ သူ့အောက် မောင်လေးကိုတော့ ကျောင်းထားရပါတယ်။

မေး - သမီးကို ဘယ်လိုလုပ်ပြီး ခုလို သီပေါဆေးရုံမှာ ဆေးကုသဖို့ ဖြစ်လာရသလဲ။

ဖြေ - တန်ခူးလဆန်းတုန်းက သီပေါမှာသွားနေတဲ့ ကျမမောင်လေးတယောက် ရွာကို ပြန်လာလည်တယ်။ သူက သိသွားပြီး သူများတွေကို ပြောပြတာထင်တယ်။ မနေ့ကတော့ သူများတွေက ကျမတို့သားအမိကို ဆေးကုပေးမယ်ဆိုပြီး ကားနဲ့လာကြိုတယ်။ ကျမတို့လည်း လိုက်လာပြီး မနေ့ညက ဒီဆေးရုံမှာပဲ အိပ်စောင့်ပါတယ်။

မေး - အခု သမီးကို ခွဲစိတ်ကုသနေတယ်ဆိုတော့ စိတ်ထဲ ဘယ်လိုခံစားရလဲ။

ဖြေ - ဆေးရုံရောက်တော့ စိတ်လည်းအေးပါတယ်။ ခွဲနေတယ်ဆိုတော့ စိတ်လည်းပူပါတယ်။ ဘယ်လိုပြောရမှန်းမသိဘူး။

မေး - ကူညီပေးသူတွေကို ဘာပြောချင်လဲ။

ဖြေ - ကျေးဇူးတင်တာပေါ့ ၊ အကုန်လုံးကို။

အခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013