DVB Logo
Home
မြန်မာသတင်း
ရွှေနံ့သာလယ်သမားကိစ္စ စတင်စစ်ဆေး
DVB
·
June 6, 2012
Donate to DVB

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာအငြင်းပွားမှုကို ရပ်/ကျေးအဆင့်မှာ ဒီနေ့ စတင် စစ်ဆေးပါတယ်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ လယ်သမား ၆ ဦးကို မနက် ၉ နာရီ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး  ညနေပိုင်းမှာ ၆ ဦးကို စစ်ဆေးတယ်လို့ စစ်ဆေးခံရသူ တဦးဖြစ်တဲ့ လယ်သမား ဦးကျော်စိန်က ပြောပါတယ်။

ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမြေယာကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ဖြစ်တာကြောင့် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက စစ်ဆေးမေးမြန်းတာ ဖြစ်ပါတယ်။ ၁ ရက်ကို ၁၂ ဦးနှုန်း နဲ့ လယ်သမား ၈၀ ခန့်ကို စစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လနဲ့ချီပြီး ပိုင်ဆိုင်မှုအငြင်းပွားနေကြတဲ့ မြေဧက ၈၁၅ ဧက ကိစ္စကို လုပ်ကိုင်ခွင့်ရဖို့ လယ်သမားတွေက မြေယာကော်မတီကို တိုင်တဲ့ကိစ္စ ပထမဆုံး စတင်စစ်ဆေးတာ ဖြစ်ပါတယ်။

မကြာသေးခင်က မြေယာဥပဒေ ပြဋ္ဌာန်းတယ်ဆိုပေမယ့် သမ္မတလက်မှတ် မထိုးရသေးတဲ့အတွက် အတည်မဖြစ်သေးတာကြောင့် ၁၉၆၃ ခုနှစ်၊ ၁၉၅၃ ခုနှစ်က ဥပဒေတွေအရ စစ်ဆေးမေးမြန်းနေတာလို့ လယ်သမားဘက်က လိုက်ကူညီနေသူ ဦးနေမျိုးဝေက ပြောပါတယ်။
ဒီနေ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ဆေးချက်တွေကို နားထောင်နေတဲ့ ဦးနေမျိုးဝေက လယ်သမားတွေကို မေးမြန်းတဲ့မေးခွန်းတွေကို ပြောပြပါတယ်။

“လူတိုင်းကို မေးရမယ့် ပုံစံရှိတယ်လေ။ လွန်ခဲ့တဲ့ ဘယ်နှနှစ်ထဲက လုပ်ခဲ့တာလဲ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူနာမည်ပေါက်လဲ၊ ဘယ်နှဧက ရှိလဲ။ နောက် အနီးစပ်ဆုံးနှစ်ဆိုတော့၊ မနှစ်ကပေါ့ ၂၀၁၁ မှာ ဘယ်သူလုပ်သလဲ။ လယ်လုပ်ကိရိယာနဲ့ မျိုးစေ့ ဓာတ်မြေသြဇာတွေ၊ လယ်ယာလုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ကိရိယာတွေက ဘယ်သူ့ဟာတွေလဲ။ ထွက်လာတဲ့ စပါးကို ဘယ်သူရိတ်သိမ်းပြီးတော့ ဘယ်သူအကျိုးခံစားသလဲ။ ဒါမျိုးလေးတွေပေါ့။ ဥပဒေနဲ့ အညီသွားနေတာပေါ့။”

ဒီမြေဧက ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေက သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ပြုဖို့ အပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့မှာ ကုမ္ပဏီကို သီးစားချထားပေးခဲ့ပါတယ်။ ခရိုင်အဆင့်၊ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေထံ ကတဆင့် မေ ၂၇ ရက်နေ့မှာ လယ်သမားတွေ သိခဲ့ရတာဖြစ်ပြီး မကျေနပ်တဲ့အတွက်  လယ်သမားတွေက မြေယာကော်မတီထံမှာ မြေယာမှုခင်းဖွင့်ခဲ့တာ ဖြစ်ပါတယ်။

လယ် ၁၄ ဧက ဆုံးရှုံးခဲ့တဲ့ လယ်သမားတဦးဖြစ်တဲ့ ဆရာမ ဒေါ်အုန်းမြင့် ကလည်း ဒီနေ့ အစစ်ခံရတဲ့စာရင်းမှာ မပါရှိသေးဘဲ သူ့လယ်မှာ လယ်ထွန်နေပါတယ်။ မြေယာကော်မတီရုံးမှာ စစ်ဆေးနေပေမယ့် ဇေကမ္ဘာကုမ္ပဏီက လယ်သမားတွေ ထယ်ထိုးထားတဲ့ မြေတွေပေါ်မှာ ဒီနေ့ ထယ်ထပ်ထိုးနေတယ်လို့ ဒေါ်အုန်းမြင့်က ပြောပါတယ်။

“စက်ကြီးတွေနဲ့ ကျမတို့ လယ်မြေတွေကို လာထိုးနေတယ်။ ပြဿနာ ကြီးတယ်။ အဖွဲ့တွေလည်း မရှိဘူး၊ ဘယ်သူမှ မသိကြဘူး။ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ကားအကြီးကြီးနဲ့ သွားထိုးနေတယ်။”

လယ်မြေတွေကို အစိုးရသိမ်းမယ်လို့ ကောလာဟလ ထွက်ချိန်မှာ ဇေကမ္ဘာ ကုမ္ပဏီက ကြားဝင် ကရုဏာကြေးပေးပြီ စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ သူတို့လှည့်ဖြားခံရတယ်လို့ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်းနေ တာ ဖြစ်သလို ဇေကမ္ဘာ ကုမ္ပဏီကလည်း  လယ်ပဲစိုက်တော့မယ်ဆိုပြီး ရပ်တည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013