DVB Logo
Home
မြန်မာသတင်း
ငါးနှစ်သမီး ပါရမီရှင် မူကြိုကျောင်းသူလေးရဲ့ ညိုမြသင်္ကြန်သီချင်း(ရုပ်သံ)
DVB
·
April 9, 2018
ငါးနှစ်သမီး ပါရမီရှင် မူကြိုကျောင်းသူလေးရဲ့ ညိုမြသင်္ကြန်သီချင်း(ရုပ်သံ)
Donate to DVB

ညိုမြလို့ ပြောလိုက်ရင် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲမှာ သင်္ကြန်ကာလကို ပြေးမြင်မိမှာ ဖြစ်သလို ဒီသီချင်းကိုလည်း အားလုံးက ရင်းနှီးပြီးသား ဖြစ်နေကြမှာပါ။

ဒီသီချင်းကို အားလုံးနီးပါး အလွတ်ရကြမှာ ဖြစ်ပေမယ့် အခု သီဆိုထားတဲ့ ကလေးငယ်ကတော့ ၅ နှစ်အရွယ်သာ ရှိသေးတဲ့ မူကြိုကျောင်းသူလေးတဦး ဖြစ်နေတာကတော့ အံ့သြစရာပါပဲ။

တချို့ဝါသနာနဲ့ ဗီဇစိတ်အခြေခံတွေဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက သိသာ ပေါ်လွင်တတ်ပါတယ်။

ရှင်လင်းအိမ် ဆိုတဲ့ ၅ နှစ်သမီးလေးကတော့ ရွှေကျင်မြို့မှာ နေထိုင်တာဖြစ်ပြီး ဂီတကို ဝါသနာထုံတဲ့ မိသားစုရဲ့ မျိုးဆက်သစ်ကလေးငယ်တယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူကြိုအရွယ်ပဲ ရှိနေသေးပေမယ့် သူကတော့ သီချင်းတွေကို ကောင်းကောင်းသီဆိုတတ်နေခဲ့တာကို တွေ့ရပါတယ်။

ဖခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးထွန်းလင်းဇော်ကတော့ သမီးဖြစ်သူအကြောင်းကို “ထွေထွေထူးထူးတော့ သင်ပေးခဲ့တာတော့ မရှိပါဘူး။ သမီးက ခု စာမဖတ်တတ်သေးဘူး။ မူကြိုပဲ ရှိသေးတော့ စာသားလေးတွေကို သူ့အမေက သင်ပေးတယ်။ သမီးက စာသားရပြီဆိုတာနဲ့ ဆိုတတ်သွားပြီ”လို့ ပြောပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့  ဖခင်ရဲ့ တီးခတ်မှုနဲ့အတူ ချစ်စဖွယ် အမူအရာနဲ့ ညိုမြ သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနေခဲ့တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

“သင်္ကြန်သီချင်းဆိုဖြစ်သွားတာက ဖေ့စ်ဘွတ်ခ်ပေါ်က သူငယ်ချင်းတွေက သင်္ကြန်နီးလာပြီ။ သင်္ကြန်သီချင်းလေး သမီးကို ဆိုပေးတင်ပေးပါလို့ ကောမန့်တွေပေးပြီး တောင်းဆိုကြလို့ သူ့အမေက ဒီသီချင်းလေးကောင်းတယ် ရွေးပေးပြီး ပေးနားထောင် လိုက်တယ်။ သူက စာသားရပြီဆိုရင် ဂီတနဲ့ပတ်သက်ပြီး ဘာမှသင်ပေးစရာမလိုဘူး။ တိုင်ပင်အဝင်အထွက်တွေ၊ တီးလုံးတွေ ကီးတွေက သင်ပေးစရာမလိုဘဲ အကုန်သိတယ်။ အဲဒါလေးတော့ သမီးလေးမှာ ထူးခြားတယ်”

လက်ရှိမှာတော့ သမီးလေး ရှင်လင်းအိမ်ရဲ့ သီဆိုမှုနဲ့ သီချင်းတွေဟာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူသိများ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ဖခင်ဖြစ်သူက “ကျနော် ဝါသနာအရ ဂီတာတွေ ဝယ်တယ်။ စုဆောင်းတယ်။ ဂီတနဲ့ပတ်သက်တဲ့ ပစ္စည်းတွေတော့ အစုံရှိတယ်။ သမီးက ငယ်သေးတယ်။ ဆိုတာပဲ ရှိတယ်။ အသံက မကောင်းသေးဘူးလေ။ တကယ်လို့ သူ့အသံကလည်း ကြီးလာလို့ ဒီထက်မက အသံက ပိုကောင်းလာရင် သူ့စိတ်ကြိုက် လုပ်ပေးသွားမှာပါ။ ခုတော့ တအားကြီး မျှော်မှန်းထားတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

ရုပ်သံ - Tunlin Zaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013