DVB Logo
Home
မြန်မာသတင်း
ဖာပွန်ဒေသခံ ကရင်တိုင်းရင်သားခေါင်းဆောင် စောအိုမူး ပစ်သတ်ခံရ
DVB
·
April 9, 2018
ဖာပွန်ဒေသခံ ကရင်တိုင်းရင်သားခေါင်းဆောင် စောအိုမူး ပစ်သတ်ခံရ
1 / 2
Donate to DVB

 

ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသမှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဌာနေဒေသခံ ကရင်တိုင်းရင်းသားခေါင်းဆောင် လယ်မူပလောရွာသားတဦး သေဆုံးကြောင်း မူတြော်(ဖာပွန်)ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့ (MEAT) ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ လယ်မူပလောရွာမှာနေထိုင်တဲ့ စောအိုမူးဖြစ်ပြီး တပ်တွေဝင်ရောက် တိုးချဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ဒုက္ခသည်တွေကို ကူညီနေတဲ့သူဖြစ်သလို ဌာနေ ကရင်လူထုခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ထွက်ပြေးတိမ်းရှောင်သူတွေကို ကူညီနိုင်ရေး နောက်ထပ်ရွာ တခုမှ သွားရောက်အစည်းအဝေးလုပ်ပြီး အပြန်မှာ တပ်ရဲ့ပစ်ခတ်မှုကိုခံရပြီး သေဆုံးသွား တာဖြစ်တယ်လို့ သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

“သူဟိုနေ့က အစည်းအဝေးကနေ ပြန်လာတာ နောက်ထပ်လူတယောက်ကို တင်လာတယ်။ ဆိုင်ကယ်နဲ့။ သူက မောင်းတာ။ အဲဒီလယ်မူမလောဒေသနားရောက်တော့ စစ်တပ်က သူတို့ကိုပစ်လို့ သူ့နောက်က ထိုင်လာတဲ့တယောက်က ထွက်ပြေးလို့ ပြန်ရောက်လာတယ်။ ဒါပေမယ့် သူကတော့ ပြန်မရောက်လာဘူး ၂ ရက်ရှိပြီ။ အဲဒါနဲ့ သူအပစ်ခံရတဲ့နေရာကို နောက်ထပ် ဒေသခံတွေက သွားကြည့်တော့ ဆိုင်ကယ်ရဲ့ဘေးမှာ တယောက်သေဆုံးနေတာ လှမ်းမြင်ရတယ်။ သူ့ကိုလို့ပဲထင်တယ်။ ဒါပေမယ့် သွားမယူရဲကြဘူး။ စစ်တပ်နဲ့နီးတော့ ပစ်ခတ်လာမှာကို စိုးရိမ်ကြလို့”

မူတြော်(ဖာပွန်)ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံရေးအဖွဲ့ (MEAT) ရဲ့ ထုတ်ပြန်ချက်မှာတော့ အသက် ၄၂ အရွယ်  စောအိုမူးဟာ သူတို့ရဲ့အဖွဲ့ဝင်ဖြစ်ပြီး ဧပြီလ ၅ ရက်နေ့က လယ်မူပလောဒေသသို့အပြန်ခရီးစဉ် မြန်မာစစ်တပ်ရဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာ လို့ ဖော်ပြပါတယ်။

“ယခုကဲ့သို့ လူမှုကယ်ဆယ်ထောက်ပံ့ နေသူအပြစ်မဲ့လူထုခေါင်းဆောင်တဦးအား မြန်မာစစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခြင်းသည် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို ချိုးဖောက်ရုံသာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်နေသည်။” လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ဧပြီ ၉ရက် ညနေထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကစပြီး  အစိုးရစစ်တပ်တိုးချဲ့ ၀င်ရောက်လာမှုကြောင့် လယ်မူပလောနဲ့ ခေးဘူးကျေးရွာအုပ်စုက ရွာပေါင်း ၁၆ ရွာ လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲမှ စောသီးအိုမူး မိသားစုလည်းပါဝင်ပါတယ်။

လယ်မူပလောနဲ့ ခေးပူကြား ကားလမ်းဖောက်လုပ်ရေးအတွက် အစိုးရတပ်က အင်အားလုံးအရင်းနဲ့ တိုးချဲ့ခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့လည်း ပစ်ခတ်မှုဖြစ်ပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေပါတယ်။

ဒီကိစ္စကို တွေ့ဆုံဆွေးနွေးပြီးအဖြေရှာဖို့ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက်  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC–U) အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်

တွေ့ဆုံမယ့်ရက် မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့ ကျောက်ကြီးမြို့မှာ တွေ့ဆုံဖို့ သတ်မှတ်ခဲ့ပေမယ့် ကေအန်ယူ တပ်မဟာ ၅ မှူးမတက်လို့ဆိုကာ အဲဒီအစည်းအဝေးကို တပ်က ဖျက်သိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံးကေအန်ယူကလည်း သူတို့ဖွဲ့ထားတဲ့ စစ်ဘက်ရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ (MANT) အဖွဲ့နဲ့သာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်ကြောင်း  ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013