DVB Logo
Home
Lead Story
ဇူကာဘတ်ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဘေးထွက်ဆိုးကျိုး
DVB
·
April 9, 2018
ဇူကာဘတ်ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဘေးထွက်ဆိုးကျိုး
Donate to DVB

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကမ္ဘာကျော် ဆိုရှယ်မီဒီယာကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း သန်း ၅၀ ကျော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ ခွင့်ပြုချက်မပါဘဲ ကင်းမ်ဘရစ်အင်နာလစ်တစ်ကုမ္ပဏီကြီးကို လွှဲပြောင်းပေးခဲ့တယ်လို့ နယူးယောက်တိုင်မ်းစ် သတင်းစာကြီးက သတင်းဖော်ပြခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအတော်များများက ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေအကြား အကြီးအကျယ် လှုပ်ခတ်သွားခဲ့တာကို စာဖတ်သူတွေ သိရှိခဲ့ပြီး ဖြစ်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံသားတွေအတွက်ကတော့ ဖေ့စ်ဘွတ်ခ်ဟာ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သူ့ဆီမှာရှိတဲ့ ဒေတာတွေကို ရွေးကောက်ပွဲကို လမ်းလွှဲထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ သုံးစွဲခဲ့တယ်လို့ ယူဆစရာရှိတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တခြားကမ္ဘာခြမ်းဘက်မှာတော့ လူ့အခွင့်အရေးအုပ်စုတွေက အမုန်းတရား မီးမွှေးလိုသူတွေက မြန်မာနိုင်ငံက မွတ်ဆလင် လူနည်းစုတွေအပေါ် စိတ်ဆိုး ဒေါသထွက်လာအောင် အမုန်းပွားစေနိုင်တဲ့ စကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရာမှာ အခွင့်ကောင်းယူ အသုံးပြုခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ကို စွပ်စွဲခဲ့ကြပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်အမျိုးသားရေးဝါဒီတွေက အကြမ်းဖက်သမားတွေလို့ စွပ်စွဲပြီး ပစ်မှတ်ထား နှိပ်ကွပ်မောင်းနှင်ခံခဲ့ရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ခွဲခြားပိတ်ပင်ကန့်သတ် နှိပ်ကွပ်ဖို့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်လ်မီဒီယာကို အသုံးချခဲ့တယ်လို့ ဆိုလိုတာပါပဲ။

မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပက လူ့အခွင့်အရေးလှုပ်ရှားသူတွေက စီအင်အင် သတင်းဌာနကို အစိုးရ ထောက်ခံတဲ့အုပ်စုတွေက နားလည်မှု လွဲမှားစေနိုင်တဲ့ သတင်း ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့ ဓာတ်ပုံအတုတွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် တင်ပြီး သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်လို့ သတင်းပေး ပြောဆိုခဲ့ကြပါတယ်။

အဲဒီအမုန်းတရား ဖြန့်ဖြူးနေတဲ့ ပို့စ်တွေ ပြည့်လျှမ်းလာနေမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက နည်းပညာအုပ်စုတခုနဲ့ အင်ဂျီအိုတွေက ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီး ဖေ့စ်ဘွတ်ခ်အသင်းအနေနဲ့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့ ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆိုခဲ့ပါတယ်။

သူတို့က ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ မွတ်ဆလင်တွေကို ဘာသာရေးစစ်ပွဲတရပ်အနေနဲ့ လက်နက်စွဲကိုင်တိုက်ခိုက်ကြဖို့အထိ သွေးထိုးလှုံ့ဆော်တာမျိုးကို တွေ့ရှိခဲ့ရပြီး ဒါဟာ လူ့အဖွဲ့အစည်းကို အမှန်တကယ် အန္တရာယ် ဖြစ်လာအောင် ဖေ့စ်ဘွတ်ခ်ကို ကိရိယာပစ္စည်းတခုအဖြစ် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်ကို အခိုင်အမာဖော်ပြဖို့ သူတို့က ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာက စကားပြောတွေကို စကရင်န်ရှော့ခ် ရိုက်ပြီး ဇူကာဘတ်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ထည့်သွင်း ဖော်ပြပေးခဲ့ကြပါတယ်။

အဲဒီအိတ်ဖွင့်ပေးစာ ပေးပို့မခံရခင် တပတ်က ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မတ်ခ်ဇူကာဘတ်က ဗောက်ဆ်ခ်သတင်းမီဒီယာကို ပြောကြားရာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် အမုန်းပွားရအောင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို အသုံးပြုနေခဲ့ကြတယ်လို့ ဝေဖန်သူတွေက ပြောဆိုကြတာကို သူ့ကုမ္ပဏီက ကောင်းကောင်းသိတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီအတွင်းမှာ အများကြီး ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီအမုန်းပွား သွေးထိုးစကားတွေ ပျံ့နှံ့မသွားရအောင် စနစ်တခုနဲ့ လုပ်ဆောင်ခဲ့ပြီး အဲဒီအမုန်းစကားတွေ ဆက်ပျံ့နှံ့နေတာကို တွေ့ရှိရပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကတဆင့် မသွားရအောင် ရပ်လိုက်ပါပြီလို့လည်း ရှင်းပြခဲ့ပါတယ်။

အဲဒီ ဇူကာဘတ်ရဲ့စကားကို အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အုပ်စုက ငြင်းဆိုလိုက်ပြီး  “ရပ်ဆိုင်းဖို့ဝေးလို့ အရင်က မရှိခဲ့ဖူးတဲ့ နည်းလမ်းတခုနဲ့တောင် အဲဒီအမုန်းစကားတွေက တနိုင်ငံလုံး ပျံ့နှံ့သွားပြီး အကြောက်တရားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သလို အကြမ်းဖက်မှု ၃ ခုလောက် ဖြစ်ပွားသွားခဲ့ပါတယ်လို့လည်း သူတို့ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် အမုန်းပွား သွေးထိုးစကားတွေကို စုံးစမ်းစစ်ဆေးရာမှာ စနစ်ကျမှုမရှိဘူးလို့ ဆိုပါတယ်။ ထိရောက်တဲ့ မျှတတဲ့ စဉ်းစားသုံးသပ်မှုမျိုးနဲ့ တခြားစီပါပဲ။ အရေးပေါ် ဆိုးဝါးလာတဲ့ အခြေအနေအတွက် မှန်ကန်တဲ့ ထိန်းချုပ်ကိုင်တွယ်မှု မရှိသလို ဒေသတာဝန်ရှိ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြောဆိုဖို့မှာလည်း ဆိတ်ဆိတ်နေခဲ့၊ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့ဘူးလို့ ဖေ့စ်ဘွတ်ခ်ကို ပြစ်တင် ပြောဆိုထားတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မတ်ဇူကာဘတ်ကတော့ ဗောက်ဆ်ခ် မီဒီယာကို ပြောကြားရာမှာ “အမုန်းပွားစကားတွေက တကယ့်ပြဿနာပါ။ ကျနော်တို့က အကြမ်းဖက်မှုတွေကို နှိုးဆွပေးတဲ့ အမုန်းစကားတွေကို ဖယ်ရှားရှင်းလင်းရာမှာ ကျနော်တို့ အသုံးပြုတဲ့ ကိရိယာပစ္စည်းတွေကို သေချာစေချင်ပါတယ်။ မြန်မာနိုင်ငံလို အမေရိကန်နိုင်ငံလို ဆင်ခြင်တွေးတောမှုပမာဏ အချိုးအစားမမျှတတဲ့ နေရာမျိုးတွေမှာ အခြေခံအားဖြင့် လူမှုပြောဆိုဆွေးနွေးမှုတွေရဲ့ ရိုးဖြောင့်မှုကိုလည်း အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်”လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာပေးပို့တဲ့ အုပ်စုကတော့ ဇူကာဘတ် အလေးအနက်ထား ပြောသွားတဲ့ စကားက ဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ မမှန်သတင်းတွေနဲ့ အမုန်းစကား ဆိုတာတွေအပေါ် ဖေ့စ်ဘွတ်ခ်က ဘယ်လိုရှုမြင်တယ် ဆိုတာဟာ ပြဿနာဖြစ်တယ်ဆိုတာကို အတိအကျ ပြသခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ကိုင်စမတ်ဖုန်းတွေ အသုံးပြုနိုင်လောက်အောင် ဈေးသက်သာလာခဲ့ပြီးနောက်ပိုင်းမှာ အသုံးအများဆုံး ဆိုရှယ်မီဒီယာတခု ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အင်တာနက်ကို ကွန်ပျူတာတွေနဲ့ ဝိုင်ဖိုင်မိုဒမ်းတွေ တပ်ဆင်ပြီး လူတိုင်းသုံးစွဲနိုင်တာတော့ မဟုတ်သေးပါဘူး။ အများစုက မိုဘိုင်းလ်စမတ်ဖုန်းလေးတွေနဲ့ အင်တာနက်ကို ဆာဗာတွေကနေ ဝယ်ယူအသုံးပြုနေကြတာသာ ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူဟာ ၄၆ သန်းကျော်ရှိနေပြီလို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းဇယားအရ သိရပါတယ်။

အဲဒီအင်တာနက်သုံးစွဲသူ အများစုဟာ သူတို့ရဲ့ လက်ကိုင်စမတ်ဖုန်းတွေကနေ သုံးစွဲနေကြတာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာကို သုံးပြီး နိုင်ငံတွင်း နိုင်ငံပ ဆက်သွယ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ခုတော့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာကြီးဟာ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စကို ဖြစ်ပွားစေခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်ဆန့်ကျင်ရေး၊ သုတ်သင်ရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နှင်းရေး ဖြစ်ရပ်တွေမှာ အမုန်းစကား သွေးထိုးစကားတွေ သတင်းမှားတွေ ကာတွန်းတွေကို ဖြန့်ဖြူးပေးနေသလို ဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြစ်တင်တာ၊ စွပ်စွဲတာကို ခံလာခဲ့ရပါပြီ။ ဒါက ကမ္ဘာတဖက်မှာဖြစ်နေတာဖြစ်ပြီး တခြားတဖက်မှာတော့ ဖေ့စ်ဘွတ်ခ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ သူ့ရဲ့ ဒေတာအသုံးပြုမှုတွေအတွက် ပြစ်တင်ဝေဖန်တာတွေကို ရင်ဆိုင်နေရပါတယ်။

အဲဒီလို ဖေ့စ်ဘွတ်ခ်က ပုဂ္ဂိုလ်ရေး ဒေတာတွေကို ရယူ အသုံးချခဲ့တဲ့အတွက် ဖေ့စ်ဘွတ်ခ် တည်ထောင်သူ အမှုဆောင်အရာရှိချုပ် မတ်ခ် ဇူကာဘတ်ကို ယူနိုက်တက်ကင်းဒမ်း ပါလီမန်က စုံစမ်းမေးမြန်းတာတွေကို ခံယူဖို့ ဆင့်ခေါ်တာ၊ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်စုံစမ်းစစ်ဆေးရေး ကော်မတီရှေ့မှောက်မှာ လာရောက်အစစ်ခံဖြေဆိုဖို့ ဆင့်ခေါ်တာကို ခံခဲ့ရပါတယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်သူ ဇူကာဘတ်ကတော့ ယူနိုက်တက်ကင်းဒမ်းရဲ့ ဆင့်ခေါ်မှုကို လာရောက်ဖို့ ငြင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ရဲ့ ဆင့်ခေါ်မှုကိုတော့ လာရောက်အစစ်ခံ ထွက်ဆိုဖို့ ဆုံးဖြတ်လက်ခံခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဖေ့ဟ်ဘွတ်ခ် ဆိုရှယ်မီဒီယာကို တည်ထောင်ခဲ့တဲ့ မတ်ခ်ဇူကာဘတ်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ကြိုးစားအားထုတ်မှုကို ကမ္ဘာတဝန်းမှာ ရရှိခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးမှာပဲဖြစ်ဖြစ် ကောင်းကျိုး အကျိုးပြုမှုတွေချည်းပဲ ရှိတယ်ဆိုတာမျိုးက မဖြစ်နိုင်သလောက်ပါပဲ။ ကောင်းကျိုးတွေနဲ့အတူ မကောင်းကျိုး အနည်းအပါးလည်း ပါလာတတတ်တာက သဘာဝဖြစ်ပါတယ်။ ရောဂါကြီးတွေကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်ဆိုတဲ့ အစွမ်းထက်ဆေးဝါးတွေမှာလည်း ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါးတော့ ရှိနေတာပဲဆိုတာ ကမ္ဘာတဝန်းလုံးက သိရှိ လက်ခံထားပြီး ဖြစ်ပါတယ်။

ကျနော်တို့က ဖေ့စ်ဘွတ်ခ်ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးချတတ်ကြဖို့ ပြည်သူလူထုကို အသိပညာ အသိတရား လင်းပွင့်လာအောင် အားထုတ်ကြိုးပမ်းကြဖို့သာ အရေးကြီးပါတယ်။    ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013