DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံနှင့် ဆွေးနွေးမည့် မြောင်းမြငြိမ်းချမ်းရေးစကားဝိုင်း ဒေသခံ ၈ ဦးကို ရွေးချယ်ထား
DVB
·
April 9, 2018
အတိုင်ပင်ခံနှင့် ဆွေးနွေးမည့် မြောင်းမြငြိမ်းချမ်းရေးစကားဝိုင်း ဒေသခံ ၈ ဦးကို ရွေးချယ်ထား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ပြုလုပ်မယ့် နိုင်ငံတော် အတိုင်ပင်ခံနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကဏ္ဍစုံက ဒေသခံ ၈ ယောက် ရွေးချယ်ထားတယ်လို့ ပါဝင်သူ တယောက်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရက်ပိုင်းမှာ မြောင်းမြမြို့ကို သွားရောက်မှာ ဖြစ်ပြီး ပြတ်ကျသွားတဲ့ ကြိုးတံတားကို စစ်ဆေးမှာ ဖြစ်သလို တံတားပြတ်ကျရာမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

အဲဒီနေ့မှာပဲ မြောင်းမြမြို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
စကားဝိုင်းအတွက် ရွေးချယ်ခံထားရသူ တယောက်က “စရွေးတုန်းကတော့ လူ ၂၀ ဗျ။ အဲဒီထဲက ၈ ယောက် ထပ်ရွေးတယ်။ စိုက်ပျိုးရေး၊ အစားအသောက်၊ ပညာရေး၊ အသင်းအဖွဲ့၊ ဟိုတယ်လုပ်ငန်း၊ လပွတ္တာနဲ့ ဖျာပုံက ရေလုပ်ငန်း လုပ်သူ ၂ ယောက်၊ စွန့်ဦးတီထွင် လုပ်ငန်းလုပ်သူ တယောက်ပါ ပါတယ်” လို့ ပြောပါတယ်။

ဒီရွေးချယ်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံရုံးအဖွဲ့ကပဲ ပြုလုပ်တာလို့ သူက ပြောပါတယ်။
ပါဝင်မယ့်သူ တယောက်ကလည်း “ဆွေးနွေးဖို့ ခေါင်းစဉ်တွေ ဘာတွေ ပေးတာ မရှိဘူး။ စကားပြောပုံ၊ ဆိုပုံကို လမ်းညွှန်ပေးတယ်။ အဘွားနဲ့ မြေးပြောသလို၊ သားနဲ့ အမိ ပြောသလို ပြောဖို့ လမ်းညွှန်တယ်။ မနေ့ကတော့ ပါဝင်မယ့် သူတွေနဲ့ ရုံးအဖွဲ့နဲ့ ဘာတွေ ပြောမလဲဆိုတာ ဆွေးနွေးကြတယ်” လို့ ဆိုပါတယ်။
ရွေးချယ်ထားတဲ့ ၈ ယောက်မှာ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၃ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

စကားဝိုင်းကို မနက်ဖြန်မှာ လုပ်မယ်လို့ အကြမ်းဖျင်းသိထားရပြီး မနက် ၁၀ နာရီနောက်ပိုင်းမှာ ဖြစ်မယ်လို့လည်း ပါဝင်သူ တယောက်က ပြောပါတယ်။
မြောင်းမြမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက “စီစဉ်တာတွေ အားလုံးက ပြည်ထောင်စုအဆင့်က လုပ်တာပါ။ ကျမတို့ကိုတော့ စကားဝိုင်းလုပ်မယ့် နေရာမှာ စောင့်နေဖို့ပဲ ပြောထားပါတယ်။ အတိအကျတော့ မသိရဘူးရှင့်” လို့ ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK)ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ မြောင်းမြမြို့မှာ ကျင်းပမှာဖြစ်ပြီး အဆိုပါ အခမ်းအနား ကျင်းပပုံတွေကို မနက် ၁၀ နာရီ မိနစ် ၂၀က စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ်လို့ အစိုးရပြန်ကြားရေးကလည်း ထုတ်ပြန်ထားပါတယ်။
အခု ပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး လူငယ်၊ ကျေးလက်နေ ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တကြိမ်၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာမှာ တကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မှာ တကြိမ် ပြုလုပ်ခဲ့ဖူးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013