DVB Logo
Home
မြန်မာသတင်း
သတင်းစာပါရေးသားချက် ၀ါရင့် ရှေ့နေတဦး ဝေဖန်
DVB
·
June 5, 2012
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရပိုင်သတင်းစာ မှာ ရေးသား ထုတ်ပြန်ချက်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုစေဘူးလို့ ရှေ့နေများကွန်ရက်ရဲ့ ၀ါရင့်ရှေ့နေ တဦးက ဝေဖန်ပြောဆိုလိုက် ပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာက အမျိုးသမီးတဦးtသတ်ခံရမှုနဲ့ စပ်လျဉ်းဖော်ပြချက်မှာ တရားရုံးက မဆုံးဖြတ်ရသေးခင် လူသတ်မှုသံသယရှိသူ ၃ ဦးကို လူသတ်သူများအဖြစ် ဖော်ပြချက်ဟာ မှားယွင်းတဲ့ အကြောင်း ရှေ့နေများကွန်ရက်က လုပ်သက်ရင့် ရှေ့နေကြီးတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရားရုံးက စီရင်ချက်ချတာ မဟုတ်သေးဘဲ ဒီလိုရေးသားချက်ဟာ မှားယွင်းတဲ့အကြောင်းနဲ့ လူသတ်မှု သံသယရှိသူများအဖြစ်သာ ဖော်ပြရမယ်လို့  အသက် ၉၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးသန်းတင်က ပြောပါတယ်။

အဲဒီလူငယ် ၃ ဦးကို လူသတ်မှု၊ လုယက်မှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်တယ်လို့ သတင်းက ပုဒ်မတွေနဲ့ ရေးသားပေမယ့် မုဒိမ်းမှုနဲ့ဆိုင်တဲ့ ပုဒ်မတော့ မထည့်ထားဘူးလို့ ထောက်ပြပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်တွေမြို့မှာ လူတယောက် ပျောက်ဆုံးမှုနဲ့ စပ်လျဉ်းပြီး ရဲစခန်းကို လူတွေက ၀ိုင်းဝန်းတဲ့ကိစ္စမှာ ရဲစခန်းက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခွင်းခဲ့ပြီး တောင်ကုတ်မြို့မှာ လူရာဂဏန်းလောက်က လူ ၁၀ ယောက်ကို သတ်ဖြတ်မှုကျူးလွန်တဲ့အပေါ် တားမြစ်ထိန်းသိမ်းခြင်းမရှိတဲ့ ရဲနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ တာဝန်ပျက်ကွက်မှုကို သူက မေးခွန်းထုတ်ပါတယ်။

အစိုးရသတင်းထုတ်ပြန်ချက်မှာပါရှိတဲ့ ရေးသားချက်တွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို တရားစွဲဆိုမယ်ဆိုရင် ကူညီဆောင်ရွက်မယ်လို့ သူက ပြောဆိုသွားပါတယ်။

“နိုင်ငံတော် သတင်းစာမှာ ထုတ်ပေးတဲ့ ကြေညာချက်က ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုဘူး။ ဘာသာအချင်းချင်း ကွဲပြားစေတာကို မီးလောင်ရာလေပင့်တဲ့သဘော ဖြစ်နေ ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို လိုချင်တာပါ။ အဲဒီတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ဒီဟာတွေကို အားပေးတဲ့သဘောမျိုး ဖြစ်နေလို့၊ ကျနော့်ကို အမှုအပ်လို့ကတော့ ကျနော်က အကြံဥာဏ်ပေးမှာပဲ၊ ပြန်ကြားရေးဝန်ကြီးကို တရားစွဲမယ်၊ အဲလိုပဲ စီစဉ်တာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013