DVB Logo
Home
မြန်မာသတင်း
မြိတ်ကမ်းနားလမ်းလူသတ်မှု ဖမ်းဆီးခံရသူများ၏ မိဘများ သတင်းစာရှင်းလင်း
DVB
·
April 8, 2018
မြိတ်ကမ်းနားလမ်းလူသတ်မှု ဖမ်းဆီးခံရသူများ၏ မိဘများ သတင်းစာရှင်းလင်း
Donate to DVB

 

မြိတ်ကမ်းနားလမ်းမှာ ၂၀၁၇ အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ ဓားခုတ်မှုမှာ လူ ၁ ဦးသေဆုံးခဲ့မှုနဲ့ပတ်သက်လို့ အမှုနဲ့ သက်ဆိုင်ခြင်း မရှိဘဲ လူငယ် ၃ ဦးကို မတရား ဖမ်းဆီးထားတာဖြစ်ကြောင်း မိဘတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။

မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ ငြိမ်းချမ်းရေးရပ်၊ စည်ပင်သာယာလမ်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတွေ၊ ပါတီဝင်တွေ၊ လူ့အခွင့်ရေး စောင့်ကြည့်သူတွေ၊ မီဒီယာတွေနဲ့ မျက်မြင်သက်သေတွေ တက်ရောက်ခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ၆ လလောက်က ကမ်းနားလမ်းမှာဖြစ်သွားတဲ့ ဓားခုတ်မှုမှာ ကျနော်တို့သားတွေ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ပြစ်မှုကျူးလွန်သွားတဲ့သူတွေက ၉ ဦးရှိပါတယ်။ ဆိုင်ကယ် အမျိုးအစား၊ အမည်တွေနဲ့ နေရပ်လိပ်စာတွေပါ ရဲတပ်ဖွဲ့တွေထံ ကျနော်တို့ သွားရောက် တင်ပြပေးထားပေမယ့် အခုချိန်အထိ ဖမ်းဆီးပေးခြင်းမရှိသေးတဲ့အပြင် အမှုနဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိတဲ့ ကျနော်တို့ သား ၃ ဦးကို ဖမ်းဆီးထားပါတယ်။ အခုဆိုရင် ၆ လ ပြည့်တော့ပါမယ်။ ကျနော်တို့ရဲ့ရှေ့နေကလည်း တရားရုံးကို ပြစ်မှုတကယ်ကျူးလွန်တဲ့ သူတွေရဲ့ ချက်အလက်တွေကို တင်ပြထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက အခုထိမဖမ်းသေးပါဘူး။ ကျနော်တို့ တရားမျှတမှုရရှိဖို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာပါ" လို့ ဖမ်းဆီးခံထားရတဲ့ မောင်ကျော်လွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမောင်တင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အောင်ရဲကျော်ရဲ့ မိခင် ဒေါ်သန်းဝေက "ကျမတို့ လက်ရှိ မြိတ်မြို့မရဲစခန်းမှူးဖြစ်နေတဲ့ ဒုရဲမှူးချိုလွင်ကို သွားရောက်ပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုတွဲကို အရင်စခန်းမှူးဟောင်း မြင့်လွင်က လုပ်ဆောင်သွားတယ်။ အမှုတွဲကလည်း တရားရုံးကို ရောက်နေပြီဖြစ်တဲ့အတွက် တရားရုံးမှာပဲ အမှုရင်ဆိုင်ဖို့ ပြောခဲ့ပါတယ်။ ကျမတို့သားတွေကို ဖမ်းဆီးထားတုန်းက ညှဉ်းပန်း နှိပ်စက်မှုတွေ အများကြီး လုပ်ခဲ့ကြတယ်။ ကလေးတွေကို မခံနိုင်အောင်လုပ်ပြီး အမှုကိုအတင်းဝန်ခံခိုင်းကြတယ်။ ကလေး ၃ ဦးစလုံးမှာ ဒဏ်ရာတွေရခဲ့တဲ့အတွက် ဆေးရုံတောင်တင်လိုက်ရတယ်။ အခုအမှုဖြစ်ပွားစဉ်က ပြစ်မှု ကျူးလွန်တဲ့ ကပ္ပလီဆိုတဲ့သူက သူ့အမေကိုပြောပြတယ်။ သူတို့လူ ၂ ဦးကို ဓားနဲ့ခုတ်သတ်ခဲ့ တဲ့အကြောင်း သူ့အမေက ပထော်ရွာ၊ တောထွက်ကြီးရွာတွေမှာ သွားရောက်ပုန်းခိုခိုင်းခဲ့တယ်။ နောက်ဆုံး အဲဒီကလေးက ရောဂါစွဲကပ်ပြီး သေဆုံးခဲ့တယ်။ ရဲတပ်ဖွဲ့ကလည်း လာရောက်ပြီး ဓာတ်ပုံရိုက်ခဲ့တယ်။ ဒါပေမယ့် အမှုမှန်ကိုတော့ မဖော်ထုတ်ဘဲ ကျနော်တို့သား ၃ ဦးကိုပဲ ဆက်လက် ဖမ်းထားပါတယ်"လို့ ပြောပါတယ်။

မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင်က "ကျနော် မြိတ်မှာ တာဝန်မကျခင်ကတည်းက ဒီအမှုဖြစ်တာပါ။ တရားရုံးကလည်း စစ်ဆေးနေပါပြီ။ သူတို့ တကယ်မကျူးလွန်ဘူးဆိုရင်တော့ တရားရုံးမှာ သက်သေအထောက်အထားတွေ ပြဖို့လိုမယ်။ သူတို့အနေနဲ့ အလီဘိုင်ပြရမယ်၊ ဥပဒေနဲ့အညီ ရှင်းရမှာဖြစ်တယ်။ သူတို့မကျူးလွန်ဘူးဆိုရင် အခင်းဖြစ်တဲ့အချိန်က သူတို့ ဘယ်နေရာမှာ ဘယ်သူတွေနဲ့ရှိနေတယ် ဆိုတာကို သက်သေတွေနဲ့ တရားရုံးမှာ အလီဘိုင် ပြရမှာဖြစ်တယ်။ ရဲက စွဲထားတာက အထောက်အထားတွေနဲ့ ပေါ်ပေါက်လို့ စွဲတင်ထားဖြစ်တယ်" လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ၉ ဦးမှာ ၁ ဦးသေဆုံးခဲ့ပြီး အခုအခါ ၈ ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးမင်းနိုင်က ပြစ်မှု ကျူးလွန်သူများ၏ အမည်နှင့်အချက်အလက်များကို တရားသူကြီးထံတင် ပြထားပြီးဖြစ်တဲ့အတွက် အမှုမှန်ပေါ်သွားမည်လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီး အမှုတွဲတင်ထားတဲ့ အပေါ် သေချာစွာ သိရှိနိုင်ဖို့ သွားရောက် တွေ့ဆုံမှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက် စေဖို့ စောင့်ကြည့်သွားမယ်လို့ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ခံ ဦးနေ၀င်းစိုးက ပြောပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013