
ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ကြီးကြပ်ရေးမှူးတွေရဲ့ ဆောင်ရွက်ချက်အပေါ် ၀င်ရောက်တားဆီးမှုတွေနဲ့ စွက်ဖက်မှုတွေကို ကျေးရွာက တင်ပြလာပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးက ပြောပါတယ်။
ဧပြီ ၇ ရက် မနက် ၁၀ နာရီကနေ ညနေ့ ၄ နာရီခန့်အထိ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာမှာ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး ၀န်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က “သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒါကို တကယ်ပဲ ကြီးကြပ်ရေးမှူးတွေကို ဖိအားပေးပြီး တော့ ၀င်ရောက်စွက်ဖက်တာလား။ ဒါကိုတော့ သက်ဆိုင်ရာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရွာသူရွာသားတွေရဲ့တင်ပြမှုကို ကြည့်ပြီးတော့ အရေးယူဆောင်ရွက်သွားပေးမယ်” လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ၊ ကြီးကြပ်ရေးအဖွဲ့ခေါင်း ဆောင် ဒေါ်စန်းစန်းဦး က “ကြီးကြပ်ရေးဆိုတာက မဲရွေးတဲ့ အခါမှာ လုပ်ပိုင်ခွင့်ရှိတာပေါ့။ ကျမတို့ လုပ်ပိုင်ခွင့်အားလုံးကို မလုပ်ရဘူး။ မလုပ်ရဘဲ တားဆီး ပိတ်ပင်ကြတယ်။ ကျမတို့ လုပ်ထားတယ်။ စည်းနဲ့ စနစ်နဲ့ အိမ်ထောင်စု မထပ်ရအောင်၊ လူတွေလည်း ရုန်းရင်းဆန်ခတ် မဖြစ်ရအောင်၊ မဲလည်းမထပ် ရအောင် အိမ်အလိုက် တုံကင်ပြား အိမ်အစေ့ လုပ်ထားပေးတယ်။ အဲဒါကို သူတို့က လက်မခံဘဲနဲ့ လိုက်ဝေတာကို ကန့်ကွက်တယ်”လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ၊ အမှတ် ၅ ရပ်ကွက် ဒေါ်ခင်မြင့်က “တခါမှ ဒီပုံစံမျိုး မတွေ့ခဲ့ဖူးဘူး။ တသက်လုံးလည်း မမြင်ဖူးဘူး။ တနိုင်ငံလုံးလည်း မကြားဖူးဘူး။ မဲပေးတဲ့စနစ်က လူတိုင်းဒုက္ခဖြစ်တာပေါ့။ ပေးခဲ့တာလည်း မပြီးဘူး။ ဖြစ်လိုက်တဲ့ ဒုက္ခ၊ ကျမအသက်က ၆၅ နှစ် ရှိပြီ။ ဒီလိုမျိုး တနိုင်ငံလုံး ဖြစ်ဖူးရဲ့လား။ မှန်မှန်ကန်ကန်နဲ့ လုပ်သွားပေးရင်တော့ ကျေနပ်ပါတယ်”လို့ ပြောပါတယ်။
ထုံးအိုင်စံပြကျေးရွာမှာ အိမ်ထောင်စု ၂ ထောင်ခန့်၊ လူဦးရေ ၁ သောင်းခန့်နေထိုင်တဲ့ စံပြကျေးရွာကြီးဖြစ်ပြီး ပထမအကြိမ်ရွးချယ်ပွဲကို ၂၆.၂.၂၀၁၈ ရက်နေ့က ရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးသူ ၁၀၀၇ ဦး ရှိခဲ့ရာမှာ ဦးကျော်အေး ၅၁၅ မဲ၊ ဦးငြိမ်းချမ်းအေး ၅၄၆ မဲ အသီးသီးရရှိခဲ့ပေမယ့် မဲပို၊ မဲထပ်၊ မဲ ကွာဟမှုတွေ ရှိခဲ့တဲ့အပေါ် တင်ပြတိုင်ကြားခဲ့ပါတယ်။
၂၉.၃.၂၀၁၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိ သူတွေက တင်ပြတိုင်ကြားခဲ့တဲ့အပေါ် ကွင်းဆင်းပြီး ပြည်သူ သဘောဆန္ဒခံယူရာမှာ တိကျတဲ့ဆုံးဖြတ်ချက် မပေးခဲ့တဲ့အပေါ် ကျေးရွာသူ ကျေးရွာသားတွေက မကျေနပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ပွဲမှာ ဆန္ဒမဲပေးသူ ၁၀၃၇ ဦးရှိခဲ့ရာမှာ ဦးကျော်အေး ၃၉၀ မဲ၊ ဦးငြိမ်းချမ်း ၆၄၀ မဲစီရရှိပြီး ပျောက်မဲ ၂ မဲရှိခဲ့ပါတယ်။
တတိယအကြိမ် ပြန်လည်ပြင်ဆင်ထားတဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးဥပဒေသစ်အရ ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်ရွေး ချယ်ရာမှာ ဘားအံမြို့နယ်အနေနဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ် ချုပ်ရေးမှူး ၁၀၀ ဦးကို ရွေးချယ်ခဲ့ရာမှာ ထုံးအိုင်စံပြကျေးရွာ က နောက်ဆုံးရွေးချယ်တဲ့ ကျေးရွာလို့ တာဝန်ရှိသူက ပြောပါ တယ်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရွေးချယ်ပွဲထက် ခက်ခဲတဲ့ပွဲလို့ ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ရဲမင်းခေါင်











