DVB Logo
Home
မြန်မာသတင်း
ပြည်သူများအပေါ် မောက်မောက်မာမာ မဆက်ဆံရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
June 5, 2012
ပြည်သူများအပေါ် မောက်မောက်မာမာ မဆက်ဆံရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေအပေါ် မောက်မောက် မာမာ မဆက်ဆံဘဲ လေးလေးစားစား ဆက်ဆံဖို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံရေး ပါတီများရဲ့ အရည်အချင်းမြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာလို့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း ပြည်သူတွေကို လေးလေးစားစား ဆက်ဆံဖို့ပေါ့၊ မောက်မောက်မာမာ မလုပ်ဖို့၊ လေးလေးစားစား ဆက်ဆံပြီး ပြည်သူ့အကျိုးကို သယ်ပိုးဖို့ အဲဒါတွေကို ပြောပါတယ်။ ဒီကပညာရပ်တွေ သင်ပြီးတဲ့အခါမှာ ပြည်သူတွေကို ဘယ်လိုထိတွေ့ ဆက်ဆံရမယ်၊ ဘယ်လို အကျိုးဆောင်ရွက်ပေး ရမယ်၊ အဲဒါတွေကိုလည်း မှတ်သားနာယူပြီး လုပ်ဖို့ပေါ့။ ပညာရပ် ဘာသာရပ်ကို စနစ်တကျ သင်ကြားဖို့၊ မှတ်သားနာယူဖို့၊ ကြိုးစားကြဖို့နဲ့ အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာပါ ပြန်ပြီးတော့ ဖြန့်ဝေဖို့ အဲဒါတွေပြောတာပါ။”

ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ၊ အယူဝါဒဆိုင်ရာနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဘာသာရပ်တွေကို ဆွေးနွေးပို့ချပေးနေတာဖြစ်ပြီး အန်အယ်လ်ဒီ ပါတီက လွှတ်တော် ကိုယ်စားလှယ်အားလုံးနဲ့ အမျိုးသမီး၊ လူငယ်အဖွဲ့တွေက အဖွဲ့ဝင် ၅၀ လောက် တက်ရောက်နေကြတာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လှည်းကူးမြို့နယ် အန်အယ်လ်ဒီ ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “အလုပ်ရုံဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ၊ ကောင်းမွန်သောအစိုးရ၊ ပါတီတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တာဆိုတော့ ဒါတွေအားလုံး က မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေး ကာလအတွက် လိုအပ်နေတဲ့အခြေအနေ တရပ်ပဲ၊ အဲဒီအခြေအနေကို အခုသင်ကြားခွင့်ရတဲ့အတွက် တအားကိုအကျိုးရှိတယ်။ ရှေ့ဆက်လုပ်ဖို့မှာ အသိပညာတွေ ရှိလာပြီဖြစ်တဲ့အတွက် လက်တွေ့ဘ၀နဲ့ ပေါင်းစပ်ပြီးတော့ ပိုပြီးကောင်းမွန်တဲ့ အခြေအနေသစ်တွေ ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

အခုပြုလုပ်နေတဲ့ နိုင်ငံရေးပါတီများရဲ့ အရည်အချင်းမြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဆင်းပွဲကိုတော့ ဇွန် ၆ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013