မူးယစ်ဆေးနှင့်သစ်မှောင်ခိုကိစ္စ စစ်သည်နှင့်မိသားစုများ မပတ်သက်ရန် ဒုဗိုလ်ချုပ်မှူးကြီး ပြော

မူးယစ်ဆေးဝါးနဲ့ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေမှာ စစ်သည်နဲ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်မှုမရှိကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ပြောကြားလိုက်ပါတယ်။
မနေ့က ဗထူးတပ်နယ်မှာ အရာရှိ၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံရာမှာ မှာကြားခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ အောင်ဆန်းခန်းမမှာ ဗထူးတပ်နယ်က အရာရှိ၊ စစ်သည်တွေနဲ့ မိသားစုဝင်တွေကို တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ ကိစ္စရပ်တွေနဲ့ စဉ်ဆက်မပြတ် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ၊ ပြည်သူ့စစ် မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သားပြည့်ဝတဲ့ စစ်သည် ရဲမေတွေ ဖြစ်လာစေရေးလေ့ကျင့်ဖို့ လိုအပ်တဲ့ ကိစ္စတွေ၊ တပ်မိသားစုတွေ သက်သာ ချောင်ချိရေးနဲ့ ကုန်ဈေးနှုန်းကြီးမြှင့်တာကို အထိုက်အလျောက် သက်သာစေမယ့် တပ်ပိုင်နဲ့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်၊ လူမှုကွန်ရက် စာမျက်နှာတွေ သုံးစွဲရာမှာ လုံခြုံရေးဆိုင်ရာ မကျိုးပေါက်စေရေး သတိပြုဆင်ခြင် စောင့်ထိန်း ရမယ့် ကိစ္စတွေ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေမှာ စစ်သည်၊ မိသားစုဝင် တွေ ပါဝင်ပတ်သက်မှု မရှိစေရေးဆိုင်ရာကိစ္စရပ် စတာတွေကို အသေးစိတ် လမ်းညွှန်မှာကြား တယ်လို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အဖွဲ့ဝင်တွေဟာ မွန်းလွဲပိုင်းမှာ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့က ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။











