DVB Logo
Home
မြန်မာသတင်း

ဘုရားဝင်းတံခါး ပိတ်ထား၍ ညောင်လေးပင်ဒေသ ဘုရားဖူးသူများ အခက်တွေ့

DVB
·
April 8, 2018
ဘုရားဝင်းတံခါး ပိတ်ထား၍ ညောင်လေးပင်ဒေသ ဘုရားဖူးသူများ အခက်တွေ့
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ မဟာတိလောကသယမ္ဘူ ကျောက်တော်ကြီး ဘုရားဝင်းကို ညနေ ၆ နာရီဆို ပိတ်ထားတာကြောင့် ဘုရားဖူးရာမှာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကစလို့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဘုရားကြီး ဝင်းတံခါးကို ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ပိတ်ထားတာကြောင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးသူတွေနဲ့ ဒေသခံမှာ ညဘက်နဲ့ မနက်စောစောပိုင်းတွေမှာ ဘုရားဖူးခွင့်မရရှိဘူးလို့ ဆိုပါတယ်။

မဟာတိလောကသယမ္ဘူကျောက်တော်ကြီး ဘုရားကို မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်က စတင်တည်ထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၁၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဘုရာကြီးလည်း ဖြစ်ပါတယ်။

ဒေသခံ ဦးကျော်မျိုး က “နေ့ခင်းမှာ တနေကုန် အလုပ်လုပ်နေတဲ့ သူတွေက ညဘက်မှာ အေးအေးချမ်းချမ်း ဘုရားလာဖူးချင်တယ်။ ညနေခင်းနေအေးတဲ့အချိန် လာဖူးကြတော့လည်း ၆ နာရီ မထိုးသေးဘူး။ အကုန်လိုက်မောင်းချတယ်။ ည ၉ နာရီခွဲ ၁၀ နာရီလောက်ဆို တော်သေးတာပေါ့ဗျာ။ ခုဟာက မိုးမချုပ်သေးဘူး ဘုရားက ဖူးခွင့်မရတော့ဘူး။ ဒါတွေဟာ လုံးဝမဖြစ်သင့်ဘူး။ လုံခြုံရေးကြောင့်ဆိုရင် ဂေါပကလူကြီးတွေ အများကြီးရှိတာပဲ။ သူတို့တွေ အလှည့်နဲ့ စောင့်ကြပေါ့”လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပေးသွားမှာဖြစ်ပြီး အရင်ကတည်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရဲ့အောက်မှာ ရှိပြီး မြို့ထွေအုပ်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ကိုင်ရတာဖြစ်တာကြောင့် မြို့နယ်ထွေအုပ်က ဘယ်အချိန်လောက်ထိ ဖွင့်ပါဆိုရင်တော့ ဖွင့်ပေးသွားမယ်လို့ ဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးသိန်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။

“၆ နာရီထိုးတာနဲ့ပိတ်တာက လုံခြုံရေးကြောင့် ပိတ်ရတာပါ။ မြို့လူထုက တောင်းဆိုလာ ရင်တော့ အစ်ကိုတို့ ဂေါပကအစည်းအဝေးထိုင်ပြီး မြို့နယ်ကို တင်ပြမယ်။ မြို့နယ်ရဲ့ ခွင့်ပြုချက်တခုယူလိုက်ပြီး အစ်ကိုတို့ ဖွင့်ပေးသွားမယ်”လို့ ဆိုပါတယ်။

ဘုရားဝင်းတံခါးကို ပိတ်ထားတာနဲ့ပတ်သက်ပြီး မြို့ခံလူထုတွေအနေနဲ့ ည ၁၀ နာရီ လောက်ထိ အချိန်တိုးမြင့်ပြီး ပိတ်ပေးဖို့ လိုလာနေကြပြီး ရှေးဟောင်းသမိုင်းဝင် မြို့ကျက်သရေ ဆောင် ဘုရားကြီး ဖြစ်တာကြောင့် ဂေါပကအဖွဲ့တွေအနေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ သန့်ရှင်း သာယာလှပမှုတွေ ပိုမိုပြုလုပ်သင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013