DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ သစ်ပင်စိုက်ပွဲ မြန်မာပြည်အနှံ့ ကျင်းပ
DVB
·
June 5, 2012
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ သစ်ပင်စိုက်ပွဲ မြန်မာပြည်အနှံ့ ကျင်းပ
1 / 2
Donate to DVB

ဇွန် ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို  နိုင်ငံအသီးသီးမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ကျင်းပကြတဲ့ အလျောက် မြန်မာနိုင်ငံမြို့ကြီးတွေ မှာလည်း ကျင်းပခဲ့ပါတယ်။

အထက်မြန်မာပြည်  မန္တလေးမြို့မှာတော့  မန္တလေးတောင်ခြေမှာရှိတဲ့ မဟာဓမ္မိကာရာမ ရွှေကျင် တိုက်မကြီး ကျောင်းဝင်းအတွင်းမှာ ကျွန်းပင်၊ ကံ့ကော်ပင်၊ မယ်ဇလီပင်နဲ့  စိန်ပန်းစတဲ့ အပင်ကြီးမျိုးတွေ အရေအတွက် ၃၀၀ လောက် စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့   ဒီပွဲကို အဓိက စီစဉ်ခဲ့တဲ့ စိမ်းရောင်စိုအဖွဲ့က ပြောပါတယ်။

ဒီသစ်ပင်စိုက်ပွဲမှာ တံတားဦး၊ ပလိပ်၊ ကျောက်ဆည်ဘက်က သဘာဝ ပတ်ဝန်းကျင်အရေး စိတ်ဝင်စားတဲ့  လူငယ် လူရွယ်တွေ ပါဝင်လှုပ်ရှားခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ သစ်တောရေးရာဌာနက တာဝန်ရှိသူတွေ လည်း ပါဝင် ကူညီခဲ့ကြတာပါ။

စိမ်းရောင်စိုအဖွဲ့က ကိုမင်းထက်ငြိမ်းချမ်း ကတော့  ရာသီဥတုပြောင်းလဲမှု ဒဏ်ကို လူထု တွေ ခံစားနေကြရပြီမို့ သစ်ပင်စိုက်ပျိုးရေးမှာ အားလုံး ၀ိုင်းဝန်း ဆောင်ရွက်ဖို့ လိုနေပြီလို့ ပြောပါ တယ်။

“သစ်တောသစ်ပင်တွေက ခေတ်ရေပြောင်းလာတာနဲ့အမျှ ပျက်စီးတယ်၊ ပြုန်းတီးတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်တဲ့အခါမှာ နည်းစနစ် မမှန်ကန်တာရယ်၊ နောက်ပြီးတော့ ကိုယ်ကျိုးစီးပွားရှာသူတွေရဲ့ လက်ချက်နဲ့ သစ်တောဖုံးလွှမ်း ဧရိယာတွေ အများကြီး ပျက်သုဉ်းခဲ့ရတယ်။ အဲဒီဒဏ်တွေက ပြီးခဲ့တဲ့ကာလတွေမှာ နာဂစ်မုန်တိုင်းတွေ၊ ဂီရိမုန်တိုင်း ခံစားရတာတွေရှိတယ်။ အဲဒီအပြင် အညာဒေသမှာ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပခုက္ကူ ရေကြီးတယ်။ ဒါတွေက သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကြောင့်ပဲ၊ အဓိကက သစ်ပင်တွေကို မခုတ်ဖို့၊ သစ်ပင်သစ်တောတွေက တလျှောက်လုံးပဲ ကျနော်တို့ကို ကယ်တင်လာတယ် ဆိုတာကို ပိုပြီး သိလာမြင်လာအောင်နဲ့ နောက်မျိုး ဆက်တွေလည်း ပိုပြီးတော့ စိတ်ဝင်တစားနဲ့ နိုင်ရာတာဝန်ကို ထမ်းကြမယ်ဆိုတဲ့ အသိ လေးမြင်လာအောင် လုပ်ကြတာဖြစ်ပါတယ်။”

တောင်သမန်အင်းဘက်မှာတော့ သဘာဝချစ်သူကွန်ယက်က အင်အား ၂၀၀ လောက်နဲ့ သစ်ပင်စိုက် လှုပ်ရှားမှုတွေ ကမ္ဘာမြေကို အန္တရာယ်ဖြစ်စေတဲ့ ပလပ်စတစ်အိတ်နဲ့ စွန့်ပစ်ပစ္စည်းတွေ ကင်းစင်ရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

အလားတူ ပုဂံညောင်ဦး၊ ဗန်းမော်၊ ရွှေဘို စတဲ့မြို့တွေမှာလည်း သစ်ပင်စိုက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ပြည်မြို့မှာတော့  အစိမ်းရောင် မျိုးဆက်သစ်အဖွဲ့ က ပြည်ဆေးရုံဝင်း အတွင်း ပျဉ်းကတိုး၊ ခရေ စတဲ့ သစ်ပင် ၂၀၀ ကျော် စိုက်ပျိုးခဲ့ပြီး သဘာဝပတ်ဝန်းကျင် အရေး ဟောပြောပွဲ တခုလည်း ကျင်းပခဲ့ပါတယ်။

ပြည်မြို့မှာ ဟောပြောပွဲအတွက် ရောက်ရှိနေတဲ့ အောင်ပင်လယ် မဂ္ဂဇင်း အယ်ဒီတာချုပ်  ဒေါ်ဒေ၀ီသန့်စင်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာတဲ့နေရာမှာ  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

“အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာတော့မယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်မြန်မာပြည်က တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ ခိုင်မာတဲ့ ဥပဒေတွေ ပြင်ဆင်ထားသင့်တယ်လေ။ အခုလာပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက သယံဇာတနဲ့ ပတ်သက်ပြီး တူးဖော်တာမျိုးလုပ်မှာတွေ များနေတယ် အန်တီတို့ ကြည့်တာတော့။”

ရန်ကုန်မှာတော့ GALLERY 65 မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပန်းချီနဲ့ ဓာတ်ပုံပြပွဲတခု ကျင်းပနေပြီး ဧရာဝတီတိုင်း ဘိုကလေးဘက်မှာလည်း မင်္ဂလာမြန်မာ ကုမ္ပဏီက သစ်ပင်စိုက်ပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ မကွေးတိုင်း မကွေးမြို့ မှာတော့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေပါတဲ့ မြစ်ကွေ့ ဧရာ လူမှုကွန်ယက်အဖွဲ့ က သစ်ပင်စိုက်ပွဲတခု ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ကုလသမဂ္ဂအဖွဲ့ကြီးက လူသားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံ စတင်ကျင်းပနိုင်ခဲ့တဲ့ ၁၉၇၂ ခုနှစ် ဇွန် ၅ ရက်နေ့ကို ရည်ညွှန်းပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် နှစ်ပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့အတွက် ဆောင်ပုဒ် ကတော့  ပတ်ဝန်းကျင် မထိခိုက်စေတဲ့ အစိမ်းရောင်စီးပွားရေးမှာ သင် ပါဝင်ဆောင်ရွက်ပါ ဖြစ်ပါတယ်။

ဒီနှစ် ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေးရိုးမြို့မှာ ဇွန် ၂၀ ကနေ ၂၂ ရက်ထိ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ညီလာခံကို မြန်မာ နိုင်ငံက ဒု-သမ္မတ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ်လို့  ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013