DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း အကူညီပေးရေး သွားလာခွင့် သိသိသာသာဆုတ်ယုတ်ဟု ကုလပြော
DVB
·
April 8, 2018
မြန်မာနိုင်ငံတွင်း အကူညီပေးရေး သွားလာခွင့် သိသိသာသာဆုတ်ယုတ်ဟု ကုလပြော
Donate to DVB

 

လွန်ခဲ့တဲ့နှစ်အတွင်းမှာ မြန်မာနိုင်ငံထဲက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့်တွေ သိသိသာသာဆုတ်ယုတ်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အရေးကိစ္စများဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ၆ ရက်ကြာခရီးစဉ်အပြီး ဒီနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အရေးပေါ်အခြေအနေ ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ မစ္စ အာရ်ဆူလာမြူလာက “လွန်ခဲ့တဲ့ နှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး သွားလာခွင့်ဟာ ရခိုင်ပြည်နယ်မှာသာမက၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ သိသာထင်ရှားစွာပဲ ဆုတ်ယုတ်သွားခဲ့ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ်ဆယ်ရေး အကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ထိခိုက်ခံစားရမယ့် သူတွေဟာ အကူအညီ လိုအပ်နေတဲ့ လူသားတွေပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သူဟာ ရခိုင်ပြည် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က စခန်းတချို့ကို သွားရောက်ခဲ့ပြီး  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ အညီ သွားလာခွင့်ကန့်သတ်နေတာကို ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ အကူအညီပေးရေးဝန်ထမ်းတွေအနေနဲ့ ကန့်သတ်ချက် မရှိဘဲ ရေရှည် သွားရောက်နိုင်ရေးကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကန့်သတ် တားဆီးခံနေရတာတွေရဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့လည်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ အခြေအနေအရှိဆုံးလူတွေကို ကာကွယ်စောင့်ရှောက် တာဟာ နိုင်ငံတော် အစိုးရ၊ ပြည်တွင်းအကူအညီပေးရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ဆောင်ရွက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းရဲ့ အဓိကအရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ရမယ်” လို့ မစ္စမြူလာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇား ဒုက္ခသည်စခန်းတွေက အခြေအနေတွေကို  ကမ္ဘာက အာရုံစိုက်နေချိန်မှာ ရခိုင်ပြည်နယ်မှာ ဆက်လက်နေထိုင်နေတဲ့ မွတ်စလင်တွေဟာ သွားလာခွင့် ကန့်သတ်ခံရတာကြောင့် ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ပညာရေးနဲ့ တခြား မရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမမီဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ ဒီနှစ်ဆန်းကစပြီး မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေအကြား ပဋိပက္ခတွေဖြစ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အနည်းဆုံး လူဦးရေ ၁ သောင်းကျော်ဟာ ထပ်မံနေရပ်စွန့်ခွာနေရပြီး အရင်ကတည်းက တိမ်းရှောင်နေရတဲ့ လူ ၁ သိန်းကျော်ဟာလည်း ဆက်လက် နေရပ်စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။

မစ္စ မြူလာက “ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတခုဖြစ်ပေမယ့် ဒါဟာ မေ့လျော့ခံထားရတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီလိုအပ်တဲ့ ဘေးဒုက္ခအခြေအနေတရပ်ပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါကြောင့် အရပ်သားတွေအနေနဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးကို တိုက်တွန်းတယ်လို့လည်း ပြောပါတယ်။

မစ္စ မြူလာဟာ ဧပြီလ ၂ ရက်က စတင်တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက လူဦးရေ ၈၃၂,ဝဝဝ တို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၃ သန်းကို တောင်းခံထားတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013