
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မဏိကဉ္စနာ ခန်းမမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ထောင်ရှင် အလှမယ် ရွေးချယ်မှုပြိုင်ပွဲကို ဧပြီ ၇ ရက်နေ့ ညနေက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို Myanmar Beauty Pageant Organization က ကြီးမှူး ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။
Myanmar Beauty Organization Senior Miss Crown ဆုရရှိထားသူ မခိုင်ခိုင်ကျော် က “မြင်းခြံမှာ ခုလိုပွဲမျိုး ကျင်းပပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မိမိမြို့မှာ ဝါသနာပါတဲ့ ခုလို အိမ်ထောင်ရှင်တွေ၊ အမျိုးသမီးတွေကို မွေးထုတ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ကျင်းပပြုလုပ်တာပါ၊ ခုံလက်မှတ်ရောင်းရတဲ့ငွေကိုတော့ မြင်းခြံမှာရှိတဲ့ ပရဟိတအသင်း ၇ သင်းကို မျှပြီး လှူသွားမှာဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း ပညာရေးအတွက် KG တန်းကလေးတွေ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများအတွက် လှူဒါန်းနိုင်ရန် (၁၀) လပိုင်းမှာ miss ပွဲတပွဲ ထပ်ပြီး ကျင်းပ ပြုလုပ်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
ပြိုင်ပွဲဝင် အမျိုးသမီး ၃၃ ယောက်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အသက် ၂၃ နှစ် မှ ၅၅ နှစ်အထိ ပါဝင်ကြတာလည်းဖြစ်ပါတယ်။ Crown ဆု (၁၁) ဆု နဲ့ Title ဆု ၁၀ ဆု ပေးအပ်ခဲ့ပြီး Mrs. Tourism Beauty Queen Myingyan 2018 ဆုကိုတော့ ခါးနံပါတ် ၁၉ မထက်ထက်ဟန် က ရရှိသွားပါတယ်။
သတင်း - ရီရီထွန်း ( မြင်းခြံ )











