DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း ချောင်းသာယာ လာရောက်လည်ပတ်သူများ ဘေးအန္တရာယ်ကင်းရေး စီမံထား
DVB
·
April 8, 2018
သင်္ကြန်တွင်း ချောင်းသာယာ လာရောက်လည်ပတ်သူများ ဘေးအန္တရာယ်ကင်းရေး စီမံထား
1 / 6
Donate to DVB

 

ပြည်တွင်းပြည်ပခရီးသွားများ အပတ်စဉ် ထောင်နဲ့ချီကာ လာရောက်လည်ပတ်နေတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းက ချောင်းသာယာ အပန်းအဖြေစခန်းကို သင်္ကြန်ရက်အတွင်း လာရောက်လည်ပတ်ကြမယ့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက အခုလို ဆောင်ရွက်ခဲ့ခြင်းမရှိပေမယ့် ဒီနှစ်မှာတော့ လာရောက် လည်ပတ်သူများပြားလာတာနဲ့အမျှ အပန်းဖြေသူတွေ စိတ်အနှောင့်အယှက်မဖြစ်ပေါ်စေဖို့ စီစဉ်နေတာလို့ ကျောင်းရွာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

''လည်ပတ်သူတွေများလာတယ်၊ သင်္ကြန်ဆိုပိုများဖို့ရှိပါတယ်။ အဲဒီအတွက် ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းကတာဝန်ရှိသူတွေ၊ ကျေးရွာရပ်မိရပ်ဖတွေ၊ ပြည်သူ့စစ်၊ မီးသတ်နဲ့ ကျေးရွာ တာဝန်ရှိ သူတွေ ပူးပေါင်းပြီးတော့ ဘေးအန္တရာယ်မရှိစေရေး၊ လုံခြုံရေး၊ ခရီးသည်များ စိတ် အနှောင့်အယှက် မဖြစ်စေရေးတွေကို နေ့စဉ်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်'' လို့ သူက ပြောပါတယ်။

၂၀၁၆ ခုနှစ်က စတင်စည်ကားလာခဲ့တဲ့ အဲဒီချောင်းသာယာအပန်းဖြေစခန်းအတွင်း ရေကူး အပန်းဖြေခြင်း၊ မြစ်နဲ့ချောင်းဆုံရာအရပ်မှာတည်ထားတဲ့ ချောင်းနှစ်ခွရေလယ်စေတီကို လှေဖြင့် သွားလာပြီး ပတ်ဝန်းကျင်တောတောင်သဘာဝ အလှရှုခင်းများကြည့်ရှုခြင်းနဲ့ အဲဒီချောင်းနဘေးမှာ တည်ခင်းရောင်းချနေတဲ့ ဒေသတွင်းစားသောက်ဖွယ်ရာတွေကို ခရီးသည်များ နှစ်သက် သဘောကျကြတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

''အဲဒီချောင်းကရေကိုချိုးရင် ရောဂါဝေဒနာပျောက်တယ်လို့ အဆိုရှိတယ်လို့ မီဒီယာတွေက တဆင့်သိရလို့ လာကြတာလဲရှိတယ်၊ ဒါကတော့ လက်ရှိရွာက ဘုန်းတော်ကြီးလည်း အဲ့လိုပဲ မိန့်ကြားပါတယ်။ အဲဒီချောင်းရဲ့အထက်မှာက ဒေသအတွင်းလူသိများတဲ့ ဆေးတောင်ဆိုတာ ရှိတယ်လေ၊ အဲဒီကစီးလာတဲ့ရေဖြစ်လို့ သမိုင်းကြောင်းအရလဲ ဆိုထားလို့ လာကြတာလဲရှိတယ်၊ အဓိကကတော့ ရေကကြည်တယ်၊ အေးတယ်၊ အပန်းပြေစေတယ်ပေါ့၊ ပြီးခဲ့တဲ့နှစ်ကစလို့ ပိုစည်လာတယ်၊ အခါကြီးရက်တွေဆို ကားတွေရာနဲ့ချီလာကြတယ်၊ လူဆို ထောင်ကျော်လောက်ရှိတယ်၊ ပုံမှန်နေ့တွေဆို တစ်ရာကျော်လောက်က အမြဲလာတယ် '' လို့ ဒေသခံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုသန်းတင်က ပြောပါတယ်။

လက်ရှိအနေနဲ့ အဲဒီချောင်းကမ်းပြိုမှုထိန်းသိမ်းကာကွယ်ခြင်းအတွက် မြေထိန်းနံရံများ ဆောင်ရွက်နေပြီး ခရီးသည်များလုံခြုံရေးအတွက် ပြေးဆွဲနေတဲ့စက်လှေတွေမှာ သက်ကယ်အင်္ကျီများ ထားရှိပေးထားပါတယ်။

အဲဒီအပန်းဖြေစခန်းမှာ ဒေသတွင်းအစားအစာများရောင်းချတဲ့ဆိုင်ခန်း ၂၁ ခန်းရှိပြီး ချောင်းရိုးတလျှောက်ရှုခင်းကြည့်ရှုခြင်းနဲ့ မြစ်နဲ့ချောင်းဆုံရာ ချောင်းနှစ်ခွမှာ တည်ထားတဲ့စေတီတော်ကိုသွားရောက်ဖူးမျှော်ဖို့အတွက် လှေစီးရေ ၆၅ စီး ပြေးဆွဲပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။

သတင်း - ၀င်းနိုင်သက်၊ ဓါတ်ပုံ - အောင်မောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013