DVB Logo
Home
မြန်မာသတင်း
ရေနံပိုက်လိုင်းကြောင့် ဆုံးရှုံးမြေများ နစ်နာကြေးအပြည့်ရရေး အစာငတ်ခံဆန္ဒပြ
DVB
·
April 7, 2018
ရေနံပိုက်လိုင်းကြောင့် ဆုံးရှုံးမြေများ နစ်နာကြေးအပြည့်ရရေး အစာငတ်ခံဆန္ဒပြ
Donate to DVB

အမ်းမြို့နယ်ထဲက ဖြတ်သန်းသွားတဲ့ မြန်မာ-တရုတ်ရေနံပိုက်လိုင်းတလျှောက် ဆုံးရှုံးခဲ့တဲ့ မြေဧက ၁ ထောင်ကျော်အတွက် နစ်နာကြေးအပြည့်အ၀ရရှိဖို့ အမ်းရေနံပိုက်လိုင်း ထိန်းချုပ်စခန်း (တောင်စောက်စခန်း) အ၀င်လမ်းမှာ တောင်သူ ၁၀၀ ကျော် ဒီနေ့မနက်ပိုင်းကစပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မတ် ၂၂ ရက်နေ့က အမ်းမြို့ပေါ်မှာ တောင်သူတွေက ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာတဲ့ ဒေသခံ ပြည်သူတွေရဲ့ နစ်နာကြေး အပြည့်အ၀ရရှိဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပေမယ့် ကုမ္ပဏီတွေက တုံ့ပြန်မှုမရှိတာကြောင့် အခုလို အစာငတ်ခံဆန္ဒပြတောင်းဆိုကြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“ကျနော်တို့ အမ်းမြို့နယ်ထဲမှာ ရေနံပိုက်လိုင်းကြောင့် မြေဧကတစ်ထောင်ကျော် ဆုံးရှုံးထားရတယ်။ မြေလျော်ကြေး၊ သီးနှံလျော်ကြေးတွေ အပြည့်အ၀မရဘူး။ နစ်နာတဲ့ တောင်သူတွေလက်ထဲ မရောက်ပဲ ဆုံးရှုံးတာတွေလည်းရှိတယ်။ အဲဒါတွေဖြေရှင်းပေးဖို့ ပြည်နယ်အစိုးရရဲ့ ဖြေရှင်းညှိနှိုင်းပေးတာကိုလည်း ကုမ္ပဏီတွေက ပါဝင်ဆောင်ရွက်မှု မရှိတဲ့အတွက် အခု တောင်စောက်စခန်းထိလာပြီး ဆန္ဒပြရတာပါ။ လိုက်လျောဖြေရှင်းပေးတာ မရှိသမျှ တဆင့်ပြီးတဆင့် တောင်းဆိုမှုတွေ ဆက်လုပ်သွားပါမယ်” လို့ ဦးဆောင်သူ ဦးမျိုးလွင်က ပြောပါတယ်။

တောင်စောက်စခန်းမှာ လာရောက်ဆန္ဒပြသူတွေဟာ အစားအစာနဲ့ သောက်ရေကိုပါ စားသောက်မှာမဟုတ်ဘဲ မနက် ၈ နာရီက ညနေ ၄ နာရီအထိ ဆန္ဒပြတောင်းဆိုကြမှာဖြစ်ပြီး MOGE အလိုမရှိ၊ CNPC အလိုမရှိ၊ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာတဲ့ဒေသခံ ပြည်သူတွေရဲ့ နစ်နာကြေး အပြည့်အ၀ရရှိရေး ဆောင်ရွက်ပေး စတဲ့ စာတန်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြမှာဖြစ်ပြီး ပိုက်လိုင်းကြောင့် နစ်နာဆုံးရှူံးမှုတွေအကြောင်းနဲ့ MOGE နဲ့ CNPC ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရှင်းပြဟောပြောကြမယ်လို့ စီစဉ်ထားပါတယ်။

ဟောပြောမယ့်ထဲပါဝင်တဲ့ ဦးဝဏ္ဏစောက “မြန်မာ တရုတ်ရေနံပိုက်လိုင်း တည်ဆောက်တဲ့ ကာလမှာ MOGE နဲ့ CNPC တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဒေသတွင်းမှာရှိတဲ့ လူ့အခွင့်အရေးတွေကို အများကြီး ချိုးဖောက်ထားတဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ရရှိနိုင်ဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မတ်လအတွင်းက ဆန္ဒပြပွဲနဲ့ လူထုတွေ့ဆုံပွဲက ဆုံးဖြတ်ထားတဲ့အတိုင်း တောင်းဆိုချက်တွေကို ကုမ္ပဏီတွေက ညှိနှိုင်းဆောင်ရွက်လာတာ မရှိရင် သပိတ်စခန်းဖွင့်ဖို့နဲ့ မျိုးနွယ်စုအလိုက် ကျိန်စာတိုက်ပွဲတွေပါ ပြုလုပ်ဖို့အထိ တဆင့်ပြီးတဆင့် တောင်းဆိုကြတဲ့အနေနဲ့ ဒီနေ့ ပိုက်လိုင်းထိန်းချုပ်စခန်း အ၀င်လမ်းမှာ ဆန္ဒပြတာလို့ သိရပါတယ်။

ကုမ္ပဏီကတော့ မြေသိမ်းဆည်းတာနဲ့ မြေယာလျော်ကြေးပေးတဲ့ကိစ္စတွေကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နဲ့ ကျောက်ဖြူမြေစာရင်းရုံးမှ ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အမ်းတောင်သူတွေရဲ့ တောင်းဆိုချက်တွေကို အသိအမှတ် မပြုနိုင်ဘူးလို့ မတ်လ ၂၂ ရက်နေ့က ကုမ္ပဏီရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း-ကိုအောင်

ဓာတ်ပုံ-မျိုးလွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013