DVB Logo
Home
မြန်မာသတင်း
သတင်းစာပါ ရခိုင်သတင်း မနက်ဖြန်တွင် ပြင်ဆင်ဖော်ပြပေးမည်ဟုပြော
DVB
·
June 5, 2012
သတင်းစာပါ ရခိုင်သတင်း မနက်ဖြန်တွင် ပြင်ဆင်ဖော်ပြပေးမည်ဟုပြော
Donate to DVB

ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့တဲ့ ရခိုင် သတင်းတွေနဲ့ ပတ်သက်ပြီး၊ နောက်နေ့ထုတ် သတင်းစာတွေမှာ ပြင်ဆင်ဖော်ပြပေးသွားမယ် လို့  ပြန်ကြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၅ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတို့မှာ တောင်ကုတ်မြို့မှာ သံတွဲမြို့ ကနေ မော်တော်ကားနဲ့ လာတဲ့ ခရီးသည် ၁၀ ဦးကို အမည်မသိလူအုပ်က သတ်ဖြတ်ခဲ့တဲ့ သတင်းကို “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦးအသတ်ခံရ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အခုလို ရေးသားဖော်ပြထားတာနဲ့ ပတ်သက်ပြီး လူမျိုးရေး ခွဲခြား ရေးသား တင်ပြတာမျိုး ဖြစ်နေ တယ် ဆိုပြီး ဝေဖန် မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရ ဦးရဲထွဋ်က “သတင်းစာတွေမှာပါတဲ့ ရခိုင်သတင်းတွေနဲ့ ပတ်သက်တဲ့ သတင်းအရေးအသား တချို့ပါ။ အဲဒီ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက မနက်ဖြန်ထုတ် သတင်းစာတွေမှာ ပြင်ဆင်ဖော်ပြပေးဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

ဒီသတင်းရေးသားမှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူ ဖော်ထုတ်ဖို့ ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“အဲဒီလိုတော့ မရှိပါဘူး။ ဒါကတော့ သတင်းရေးသားတဲ့သူအနေနဲ့ ဘယ်သူမှ ထိခိုက်နစ်နာစေတဲ့ ဆန္ဒမရှိဘဲနဲ့ အရေးအသားမှားယွင်းမှု သက်သက်၊ နောက်တခုက သူတို့ဆီမှာ လက်ထဲမှာရှိတဲ့ မှုခင်းအစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ အဲဒီက အရေးအသားတွေကို ကူးထည့်လိုက်တဲ့ သဘောမျိုး ဖြစ်သွားတာကြောင့် အရေးယူဖို့တော့ မရှိပါဘူး။ သင်ခန်းစာတော့ ရတာပေါ့။ ဒါမျိုးတွေက သတိထားရမယ်ဆိုတဲ့ သင်ခန်းစာကိုပဲ ဖော်ထုတ်ပြီးတော့ သူတို့ကို သင်ကြားပေးဖို့ ရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်း မီဒီယာများက သတိကြီးစွာထားပြီး ဖော်ပြသင့်တယ် လို့  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကလည်း တိုက်တွန်းပြောဆိုနေပါတယ်။

သတင်းစာက သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းကြောင့် သေးတဲ့အမှု ကြီးသွားနိုင်တယ်လို့ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသက အခုလို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

“တဖက်ကနေ မကြိုက်နှစ်သက်တဲ့ ကိစ္စမျိုးတွေကို အသုံးအနှုန်းမျိုးဆိုရင် ဒါမျိုးကို ရှောင်သင့်တယ်။ မသုံးနှုန်းသင့်ဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး သုံးနှုန်းတာ တခါမှ မကြားဖူးဘူး၊ အရင်တုန်းကဆိုရင် ကုလားဆိုတဲ့ အသုံးအနှုန်းတောင်မှ မသုံးနှုန်းရဘူးဆိုပြီးတော့ ကျနော်တို့ စာမူတွေတင်တဲ့အခါမှာ စာပေစိစစ်ရေးက ကုလားဆိုတာကို ပြန်ပြီးပြင်ခိုင်းတယ်။ ကုလားထိုင်ကို အိန္ဒိယထိုင်လို့ ပြင်ရမလား ဆိုပြီး အဲဒီတုန်းက ပြောဖူးတယ်။ အဲဒီလို အချိန်ကာလတခု ရှိခဲ့ဖူးတယ်။ အခုကျမှ ကုလားဆိုတာ ဘာလို့သုံးလဲမသိဘူး။ ဒါက ကြီးတဲ့အမှုသေးအောင်၊ သေးတဲ့အမှု ပပျောက်အောင် လုပ်နေတဲ့ အချိန်မှာ သေးတဲ့ အမှုကို ကြီးအောင် မရည်ရွယ်ဘဲနဲ့ ဖြစ်သွားနိုင်တယ်လို့ ကျနော်ကတော့ စိုးရိမ်မိတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013