အာဆင်နယ် ကွင်းလယ်လူ မစ်ခီတာရန် ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲ လွဲချော်

အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ဟာ ပြီးခဲ့တဲ့ စီအက်စ်ကေအေမော်စကို အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။
အာမေးနီးယား ကွင်းလယ်ကစားသမား မစ်ခီတာရန်ဟာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ အဲ့ဒီပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ၆၁ မိနစ်မှာတော့ ဒဏ်ရာရရှိခဲ့လို့ အီဝိုဘီနဲ့ လူစားလဲခဲ့ရပါတယ်။
အာစင်ဝင်းဂါးက မစ်ခီတာရန်ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်လို့ ဘယ်လောက်ထိ ဆိုးရွားတယ်ဆိုတာကို မပြောနိုင်ပေမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်မှာ သေချာတယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် စီအက်စ်ကေအေမော်စကိုအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် နောက်တဆင့်ကို တက်ရောက်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။











