
ဧရာဝတီတိုင်းမှာ စက်သုံးဆီ မှောင်ခိုသယ်ယူရောင်းချတယ်လို့ဆိုပြီး အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၃ ယောက်ကို စစ်အာဏာရှင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁၀ ယောက်ကို စစ်အာဏာရှင်ရဲတပ်ဖွဲ့က တရားမဝင်စက်သုံးဆီ ရောင်ချမှု၊ စက်သုံးဆီ မှောင်ခိုသယ်ယူမှုနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ဧပြီလ ဒုတိယအပတ်ထဲမှာ ဖမ်းဆီးခံရတာ များတယ်။ ကျုံပျော်နဲ့ ပုသိမ်ဘက်က အမျိုးသမီးတွေ အဖမ်းခံရတဲ့အထဲ ပါတယ်။ အဖမ်းခံရတဲ့သူတွေကို ဒေသနယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၁၃ ယောက်ဟာ ကျုံပျော်မြို့နယ်က ၂ ယောက်၊ ငပုတောမြို့နယ်က ၂ ယောက်၊ သာပေါင်းမြို့နယ်က ၂ ယောက်၊ ပုသိမ်မြို့နယ်က ၃ ယောက်၊ ဓနုဖြူမြို့နယ်က ၁ ယောက်၊ လပွတ္တာမြို့နယ်က ၁ ယောက်၊ မောင်းမြမြို့နယ်က ၁ ယောက်၊ ဖျာပုံမြို့နယ်က ၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်က လယ်သမားတယောက်က “စက်သုံးဆီကိစ္စနဲ့ အဖမ်းခံရတဲ့အထဲ လယ်သမားတွေလည်း ပါတယ်။ အစိုးရက မကူညီတဲ့အပြင် ကိုယ့်နည်းကိုယ်ဟန်နဲ့ စက်သုံးဆီ ဝယ်သုံးတဲ့ အရပ်သားတွေကိုပါ ဖမ်းနေတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ တလအတွင်း စက်သုံးဆီ ကိစ္စနဲ့အဖမ်းခံရတဲ့ အရပ်သား ၁၃ ယောက်ကို စစ်အာဏာ ရှင်ရဲတပ်ဖွဲ့က ရေနံနဲ့ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ တလအတွင်းကလည်း ဧရာဝတီတိုင်းမှာ စက်သုံးဆီ တရားမဝင် သယ်ယူရောင်းချမှုနဲ့ အရပ်သား ၁၀ ယောက် ဖမ်းဆီးခံခဲ့ရသေးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။










