
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် ပြည်ပရောက် ကချင် အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံ မြန်မာ သံရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး မြန်မာသံရုံးကနေ တဆင့် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုစာ ပေးပို့ခဲ့ကြပါတယ်။
[caption id="attachment_26299" align="alignleft" width="300" caption="ဆန္ဒပြသူများက သမ္မတထံပေးပို့မည့်စာ ပေးအပ်နေစဉ်"]
[/caption]
ဆန္ဒ ထုတ်ဖော်ရေး အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ မခေါင်န်ဆိုင်ပန်က “ပြည်ပနိုင်ငံက လူတွေက မြန်မာ နိုင်ငံ ပြောင်းလဲနေပြီ ပြောနေပေမယ့် လည်း အပေါ်ယံ တချို့ပဲဖြစ်နေ ပါတယ်။ တကယ့် တကယ်မှာဆို စစ်ပွဲတွေ ဖြစ်နေတယ်။ ကျမတို့ ပြည်သူတွေ ဒုက္ခတွေ ခံနေရတာ ရှိနေတယ်။ အဲ့ဒါတွေကို ပြန်ပြီးပြောချင်တယ်။ ဒါကို နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလည်း ကျမတို့ ဒီမိုကရေစီ လမ်းမှန်ကို အမှန်တကယ်ရောက်ရှိဖို့ အတွက်ဆိုရင် အစိုးရကို ပိုပြီးတော့ ဖိအားပေးသင့်တယ်။ အစိုးရအနေနဲ့ လည်း အပေါ်ယံငြိမ်းချမ်းရေး မဟုတ်ဘဲနဲ့ ထာဝရငြိမ်းချမ်းရေးဖ်ြဖို့အတွက် ယူအန်အက်ဖ်စီ နဲ့ သူတို့ တိုင်ပင်သင့်တယ်။ ကေအိုင်အိုနဲ့လည်း ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားဖို့ ပြောချင် တယ်” လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ ကချင်ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ကာကွယ်ပေးဖို့၊ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးပို့တာကို ခွင့်ပြုဖို့၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ အာမခံချက်ရှိဖို့အတွက် နိုင်ငံတကာနဲ့ ပြည်သူကိုယ်စားပြု အဖွဲ့တွေ ပါဝင်စောင့်ကြည့်ခွင့် ရဖို့၊ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ကချင်ပြည်သူနဲ့ ပတ်သက်တဲ့ သတင်းမှား ဖော်ပြတာတွေ ရပ်တန့်ဖို့၊ အစိုးရအနေနဲ့ စစ်ပွဲကြောင့် နာကျင်ထိခိုက်နေရတဲ့ ကချင်ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး နာလန်ထူအောင် ကေအိုင်အိုအဖွဲ့၊ ကချင်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်ပေါင်း ၆ ချက် ပါဝင်တယ်လို့ မခေါင်န်ဆိုင်ပန်က ပြောပါတယ်။
သမ္မတဆီ ပေးပို့တဲ့စာကို ပြည်တွင်းပြည်ပ ကချင် အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့တို့က စုပေါင်းရေးသား တောင်းဆိုခဲ့ကြတာပါ။ ဒီစာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဆီကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့၊ ညီညွတ်သောကချင်ကျောင်းသားနဲ့ လူငယ်များအဖွဲ့၊ ကချင်ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ စုစုပေါင်း လူ ၅၀ လောက် ပါဝင်တောင်းဆိုခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲထားတဲ့ ကေအိုင်အို အဖွဲ့ကို အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာက အစပြုကာ အပစ်ရပ်သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေဖြစ်နေတာ ဒီလ ၉ ရက်နေ့ဆို ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တိုက်ပွဲရဲ့ အကျိုးဆက်အဖြစ် ဒေသခံပြည်သူတွေ လူမှုဒုက္ခမျိုးစုံ ခံနေကြရပြီး စစ်ကြောင့်တိမ်းရှောင်ရသူ ဦးရေ ၈ သောင်းဝန်းကျင်လောက် ရောက်ရှိနေတာပါ။











