Homeမြန်မာသတင်း
ဂျိုင်းမြစ်ကူးကြိုးတံတား ကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် တန်ပိုယာဉ်များ ကြပ်မတ်ရန် တိုက်တွန်း
ဂျိုင်းမြစ်ကူးကြိုးတံတား ကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် တန်ပိုယာဉ်များ ကြပ်မတ်ရန် တိုက်တွန်း
DVB
·
April 6, 2018

ကရင်ပြည်နယ် ဂျိုင်း-ကျုံဒိုး-ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ဂျိုင်းမြစ်ကူး ကြိုးဆိုင်းတံတားကို ကြံ့ခိုင်ရေးစစ်ဆေးဖို့နဲ့ ဖြတ်သန်းမောင်းနေတဲ့ ကုန်တင်ကားတွေကို တန်ပိုမတင်ဆောင်နိုင်ရေး ထိန်းကျောင်းစစ်ဆေးဖို့ ဒေသခံလွှတ်တော်အမတ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က ဧပြီ ၅ ရက် မနက်က ဂျိုင်းမြစ်ကူး ကော့ကရိတ်တံတား သံမဏိကြိုးဆိုင်းတွေနဲ့ တံတားကြံ့ခိုင်မှု စစ်ဆေးချိန်မှာ ပြောဆိုလိုက်တာပါ။
“အရေးကြီးတာက ဖြတ်သန်းသွားတဲ့ ကားတွေကို ထိန်းကျောင်းဖို့ လိုတယ်။ တန်ပိုတင်ဆောင်ပြီး ခိုးဖြတ်တဲ့ကားတွေ ရှိနေတယ်။ ပြီးတော့ တံတားရဲ့ ခံနိုင်ဝန်ပေါ် မူတည်ပြီးတော့ ကုန်ကားကြီးနှစ်စီး တံတားအလယ်မှာ ဆုံပြီး ဖြတ်ရင်တော့ အရှိန်ကြောင့် တုန်ခါမှုတွေဖြစ်ပြီး ငလျင်လှုပ်သလိုမျိုး အရှေ့အနောက် ဆွဲခါသလို ဖြစ်သွားတတ်ပါတယ်။ ဒါတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အခု တံတားအခြေအနေကတော့ စိတ်ချရပါတယ်။”
ဧပြီ ၁ ရက်က မြောင်းမြကြိုးတံတား ပြတ်ကျပျက်စီးသွားတဲ့နောက် မြန်မာနိုင်ငံတွင်း တည်ဆောက်ထားတဲ့ မြစ်ကူး ချောင်းကူး ကြိုးဆိုင်းတံတားတွေ ကြံ့ခိုင်ရေး စစ်ဆေးကြဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီနောက်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဂျိုင်း-ကော့ကရိတ်တံတား၊ ဂျိုင်း-ဇာသပြင်တံတား၊ အတ္တရံမြစ်၊ မော်လမြိုင် မြစ်ကူးတံတားတွေကို တံတားကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးသွားမယ်လို့ ပြည်နယ်ဆောက်လုပ်ရေးဌာနကနေ သိရပါတယ်။
တံတားအထူးအဖွဲ့ ၁၄ မှ ဒုအင်ဂျင်နီယာမှူး ဦးဇော်မိုးလွင်က “တံတားဦးစီးဌာန အနေနဲ့ကတော့ အရေးပေါ်စစ်ဆေးချက်အရ မြေပြင်အနေအထားကို စစ်ဆေးခိုင်းပါတယ်။ အခု တံတားအနေအထားကတော့ မူလပုံမှန်အနေအထားမှာဘဲရှိပါတယ်" လို့ ပြောပါတယ်။
အဆိုပါ ဂျိုင်း၊ ကော့ကရိတ် တံတားဟာ ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး တံတားအရှည် ပေ ၁၂၀၀ ပေ၊ တံတားခံနိုင်ဝန် ၂၅ တန် သတ်မှတ်ထားကာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့တွေကို ဆက်သွယ် ပို့ဆောင်ရာမှာ အဓိကကျတဲ့ တံတားတစင်း ဖြစ်ပါတယ်။
ဂျိုင်းတံတားကို ဖြတ်သန်းမယ့် ကုန်တင်ကားတွေကို ယာဉ်ကုန် တန် ၂၀ အောက်သာ တင်ဆောင်မောင်းနှင် ဖြတ်သန်းကြဖို့နဲ့ တန် ၂၀ အထက် တင်ဆောင်လာတဲ့ ကုန်ကားတွေကို ကြိုးဆိုင်း တံတားအောက်ရှိ (ပွန်တွန်း) ဘောတွဲတံတားမှသာ ဖြတ်သန်းကြဖို့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ဆောက်လုပ်ရေးဌာနတို့က မကြာခင် စိစစ်ကြပ်မတ် လုပ်ဆောင်မယ်လို့ ပြည်နယ် လမ်း/တံတားဌာန တာဝန်ရှိသူက ပြောပါတယ်။
သတင်း - စောကျော်ဆန်း