DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်အလုပ်သမားများ စတင်ဖမ်းဆီး
DVB
·
April 6, 2018
ထိုင်းတွင် တရားမဝင်အလုပ်သမားများ စတင်ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမားကတ် ပြုလုပ်တာနဲ့ ဗီဇာတိုး လုပ်ငန်းတွေ မတ်လကုန် နောက်ဆုံးထား ပြုလုပ်ပေးပြီးတဲ့နောက် တရားမ၀င်အလုပ်သမား ရှာဖွေ စစ်ဆေးဖမ်းဆီးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာ ဧပြီ ၄ ရက်နေ့က နယ်မြေခံစစ်တပ်၊ လ၀က၊ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်နဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ အလုပ်ရုံနဲ့ ရပ်ကွက်အသီးသီးကို ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။

အဲဒီနေ့က မဲဆောက်မြို့နယ်တခုလုံးမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၀၈ ဦး( ကျား ၄၈၊ မ ၆၀) တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း INN news မှာ ဖော်ပြသွားပါတယ်။

နောက်နေ့တွေမှာလည်း တရားမ၀င်အလုပ်သမားအပြင်၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုတွေကိုလည်း ဆက်လက်စစ်ဆေးရှာဖွေသွားမယ်လို့ ဆိုပါတယ်။

အလားတူ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့နယ်ထဲမှာလည်း မနေ့က ခရိုင်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်ရာ နေရာပေါင်း ၃၀ ကို သွားရောက်စစ်ဆေးခဲ့ကြောင်း brighttv သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက် ၅ နာရီလောက်မှာလည်း ချန့်ခလန်ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမား တန်းလျားတခုမှာ အလုပ်သမားတွေ၊ မော်တော်ကားနဲ့ ဆိုင်ကယ်စာရင်းတွေကို စစ်ဆေးနေပြီး ဖမ်းဆီးခံရသူ မရှိပေမယ့်  သင်္ကြန်တွင်း သတိထားရမယ့် ယာဉ်စည်းကမ်းအကြောင်းတွေ အသိပညာပေးခဲ့ကြပါတယ်။

မြန်မာအလုပ်သမားအများအပြား ၀င်ရောက်လုပ်ကိုင်နေတဲ့ ဆမွတ်ဆာခွန်းခရိုင် စက်ရုံ အလုပ်ရုံတွေမှာလည်း မနေ့က ဝင်ရောက်စစ်ဆေးမှုတွေရှိတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း)မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“နေရာကွက်ကျားစစ်ဆေးမှု စတင်နေပြီခင်ဗျ၊ မနေ့ကဆိုရင် ဆမွတ်ဆာခွန်းခရိုင် အုန်းနွဲ့နယ်မြေမှာ အလုပ်ရုံ သုံး လေးရုံလောက် ဝင်စစ်ဆေးသွားတယ်၊ ထိုင်းအာဏာပိုင် အဖွဲ့စုံပေါ့။ အလုပ်သမားရုံးကရော၊ စစ်တပ်တွေရော၊ ရဲတွေရော အားလုံးပဲ။ အဖမ်းခံရတာ ကြီးကြီးမားမားတော့ မကြားမိသေးဘူး။ အသေးစိတ် သတင်းထုတ်ပြန်တာ မတွေ့မိသေးဘူး။”

ထိုင်းအာဏာပိုင်တွေဘက်က တရားမဝင် အလုပ်သမားစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်တဲ့အတွက် စက်ရုံ အလုပ်ရုံတွေကို ပုံမှန်လိုက်လံစစ်ဆေးတော့မှာ ဖြစ်ကြောင်း၊ မြန်မာအလုပ်သမားတွေဘက်ကလည်း နေထိုင်ခွင့် အထောက်အထား မှန်မှန်ကန်ကန် လုပ်ထားဖို့ လိုအပ်ကြောင်း ကိုရဲမင်းက ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က တရားမဝင်အလုပ်သမားတွေကို နောက်ဆုံးအနေနဲ့ မှတ်ပုံတင်စာရင်း တင်သွင်းခွင့်ပြုခဲ့ရာမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံမှ တရားမဝင် အလုပ်သမား ၁ သန်း ၃ သိန်းကျော် စာရင်းတင်ထားတယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန်ထားပါတယ်။

ဒီနှစ် မတ်လဆန်းပိုင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်တာတွေ့ရင် အလုပ်သမားတဦးကို ဘတ်ငွေ  ၅ ထောင်မှ ၁ သောင်းထိ ဒဏ်တပ်ခံရမှာဖြစ်ပါတယ်။

တရားမ၀င်အလုပ်သမားခန့်ထားတဲ့ အလုပ်ရှင်အနေနဲတော့ အလုပ်သမားတဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁ သောင်းမှ ၁ သိန်းထိ၊ ဥပဒေကို ထပ်တလဲလဲ ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ်၊ ဘတ် ၅ သောင်းမှ ၂ သိန်း ထက်မပိုတဲ့ ငွေဒဏ်နဲ့ အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

Photo :  Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013