DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်မှုကြောင့် အိမ်ထောင်စု ၁၀၀၀ ကျော် သဘာဝဘေးသင့်
DVB
·
April 6, 2018
စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်မှုကြောင့် အိမ်ထောင်စု ၁၀၀၀ ကျော် သဘာဝဘေးသင့်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း အခုလ ပထမပတ်မှာ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် အိမ်ထောင်စု ၁၀၀၀ ကျော် သဘာဝဘေးသင့်ခဲ့ပြီး သက်ဆိုင်ရာက ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ ပေးအပ်ထားပါတယ်။

ဧပြီလ ၂ ရက်၊ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ဝက်လက်၊ အရာတော်၊ ထီးချိုင့် စတဲ့ မြို့နယ် ၈ မြို့နယ်က အိမ်ထောင်စု ၁၀၁၀ စု သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ရပြီး အမိုးလန်တာ ၉၆၉ အိမ်၊ ပြိုကျတာ ၄၁ အိမ်၊ မိုးသီးကြောင့် ပျက်စီးတာ ၃၄ အိမ်ရှိခဲ့ပါတယ်။

အဲဒီထဲက ယင်းမာပင်မြို့နယ်မှာ နေအိမ် ၄၉၀ အမိုးလန်၊ ပြိုကျ ၃၇ အိမ်နဲ့ အများဆုံးပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး အသက် ၈၀ ကျော် အဘွားအိုတဦးလည်း ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သဘာဝဘေးဒဏ်သင့် နေအိမ်တွေကို တိုင်းအစိုးရအဖွဲ့က ငွေကျပ်သိန်းပေါင်း ၂၇၆ သိန်းကျော် ထောက်ပံ့ပေးအပ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

“ကျနော်တို့ဆီကို တင်ပြလာတဲ့ စာရင်းတွေအရ ပျက်စီးဆုံးရှုံးမှု အနေအထားကိုလိုက်ပြီး ငွေကြေးနဲ့ အရေးပေါ်ပစ္စည်း ၅ မျိုး၊ ၁၀ မျိုး အသီးသီးထောက်ပံ့ပေးထားပါတယ်။ ယင်းမာပင်မြို့နယ်မှာတော့ အဘွားအိုတဦး ထိခိုက်ဒဏ်ရာရလို့ ၅ သောင်းကျပ် ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလို ထောက်ပံ့ရတာက ဒီနှစ်အတွက်တော့ ပထမဆုံးလို့ ပြောလို့ရပါတယ်။ အရင်နှစ်ကတော့ သင်္ကြန်ပြီးမှ အခုလို လေ၊ မိုးကျတာ။ ဒီနှစ်ကစောတဲ့အပိုင်း ရှိတယ်"

မိုးသက်လေပြင်းကြောင့် စိုက်ခင်းသီးနှံတွေ ရိတ်သိမ်းပြီးချိန်ဖြစ်လို့ အပျက်အစီး နည်းခဲ့ပေမယ့် ဥယျာဉ်ခြံတွေဖြစ်တဲ့ ကွမ်း၊ ငှက်ပျော၊ သရက် စတဲ့သီးနှံတွေတော့ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်လို့ ဆိုပါတယ်။

“စာရင်းတော့ တက်မလာသေးဘူး။ တက်လာရင်လည်း ထုံးစံအတိုင်း သီးနှံ ထောက်ပံ့ကြေးတွေကတော့ ပြန်လည်တင်ပြပေးရမှာပေါ့။ မနက်ဖြန်လောက်ဆိုရင်တော့ စာရင်းအတိအကျရမယ် ထင်တယ်”လို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ကြီးဦးကမ်ဇာမုံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၇ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေကြီးတာ၊ မိုးသက်လေပြင်းကျတာ၊ မိုးသီးကြွေကျတာတွေကြောင့် သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးစုစုပေါင်း ကျပ်သန်း ၂၇၀ ကျော် ထောက်ပံ့ခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013